လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးရက်အတွင်းအရပ်သား ၁၀၀ ကျော်သေဆုံးခဲ့လို့ ထီးချိုင့် PDF ထုတ်ပြန်
2023.11.13

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးရက်အတွင်း အရပ်သား တစ်ရာကျော်သေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် အလောင်းကောက်ဖို့ မလွယ်ကူတဲ့အခြေအနေဖြစ်နေတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။
"ဟုတ်ပါတယ်၊ ရာကျော်ပါမယ် အသေးစိတ် ရေတွက်ဖို့က မဖြစ်နိုင်သလို အလောင်းကောက်ဖို့လည်း မလွယ်လို့ပါ၊ သရက်မှော်ဘက်မှာ ဒီမနက်လက်နက်ကြီးမှန်လို့ ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းတွေ၊ ဗိုက်တွေ ပွင့်ထွက်သေပြီး မိခင်ဖြစ်သူက အရေးပေါ် အခြေအနေနဲ့ အောက်ဆီဂျင်ပေးကယ်ထားရပါတယ်၊ လက်နက်ကြီးမှန်လို့ သေတာရှိသလို အရပ်သားတွေစုပြီး ရှောင်နေတဲ့နေရာကို ကျလို့ သေကြတာများပါတယ်"
နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး စစ်ကောင်စီက တစ်ရက်ကို ရှစ်ကြိမ်ထက်မနည်းမြို့ပေါ်က လူနေရပ်ကွက်တွေထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေထဲ ပိတ်မိနေတဲ့ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်းအားများတဲ့ ဗုံးတွေအသုံးပြုတိုက်ခိုက်နေသလို မီးလောင်ဗုံးတွေနဲ့ပါတိုက်ခိုက်တာကြောင့် သရက်မှော်၊ နော်အောင်ဗန္ဓုလ၊ လက္ခုပ်ပင်၊ စံပြ၊ မြို့မစျေး၊ တရုတ်တန်း၊ နဝဒေး၊ ဝိသာခါ၊ အရှေ့ရပ်၊ သိုက်ကုန်း၊ ဥယျာဉ်ကုန်း၊ ကမ်နားနဲ့ ကြက်သွန်ခင်း စတဲ့နေရာတွေမှာ လုံးဝပျက်စီးသွားပြီလို့လည်း ရေးသားထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဖုန်းနဲ့ အင်တာနက်တွေပါဖျက်ထားတာကြောင့် မြို့ထဲမှာကျန်ခဲ့သူတွေနဲ့ အဆက်အသွယ် မရဘူးလို့ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့တွေအကုန်လုံးက မြို့ပြင်ထွက်ပြေးနေရတာ၊ မြို့ထဲသတင်းကို အတိအကျ မသိရဘူး၊ စဖြစ်တဲ့ နေ့ကတည်းက Air Strike အရမ်းသုံးတယ်၊ တစ်နာရီခြားတစ်ခါလောက် ဗုံးကြဲတာ၊ ပြည်သူတွေသေတာတော့ မှန်တယ်၊ အတိအကျတော့မသိဘူး၊ မြို့ထဲမှာ ကျန်ခဲ့သူတွေရှိတယ်၊ ဖုန်းလိုင်းရော အင်တာနက်ရောဖြတ်ထားတော့ အဆက်အသွယ်မရတော့ဘူး၊ မိသားစုတွေကျန်ခဲ့တဲ့လူတွေဆို သေလားရှင်လားသိချင်လို့ ပြန်လို့လည်းမရဘူး၊ ဆက်သွယ်လို့လည်းမရဘူး"
သေဆုံးခဲ့တဲ့ စာရင်းနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
နိုဝင်ဘာလ ၁၀ ရက်နေ့ ထီးချိုင့်မြို့ပေါ်တိုက်ပွဲကို လေကြောင်းပစ်ကူနဲ့ တိုက်ခဲ့ကြောင်း MRTV အပါအဝင် ပြည်တွင်း မီဒီယာတွေကို နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုထားပါတယ်။
ထီးချိုင့်မြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် မြို့ကိုသိမ်းလို့မရသေးဘူးလို့လည်း ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး မြို့ပေါ်အပြင် အနီးအနားက တည်တော၊ သခွတ်ချောင်၊ ပေါက်ကုန်း အပါအဝင် ရွာဆယ်ရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသောင်းနီးပါး ရှိလာပြီလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။