တောင်သာမြို့နယ်မှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ငါးဦးသေဆုံး
2025.01.29

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ တစ်လအတွင်း အရပ်သား ငါးဦးသေဆုံးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်သာမြို့နယ် သာစည်၊ ညောင်ကုန်း၊ ရုံးဇင်လေးနဲ့ ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးပြီး ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာစည်ရွာက အသက် ခြောက်ဆယ်အရွယ် အမျိုးသမီး တစ်ဦး၊ ညောင်ကုန်းရွာက အသက် ခြောက်ဆယ်ခန့် အမျိုးသားနဲ့ အမျိုးသမီး တစ်ဦး၊ ရုံးဇင်လေးရွာက အသက် ငါးဆယ်ခန့် အမျိုးသမီး တစ်ဦး၊ ရွာတန်းရှည်ရွာက အသက် နှစ်ဆယ်ခန့် အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်က ရွာတန်းရှည်ရွာကို စက်တပ်လေထီး နှစ်စင်းနဲ့ ဗုံးခြောက်လုံးကြဲချ တိုက်ခိုက်တာကြောင့် အသက် နှစ်ဆယ်ခန့် အမျိုးသမီး တစ်ဦးသေဆုံးပြီး သုံးလအရွယ် ကလေးတစ်ဦးနဲ့ အသက် သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် တိုက်ခိုက်တဲ့နေရာတွေဟာ ကာကွယ်ရေးတပ်မရှိသလို တိုက်ပွဲလည်းမဖြစ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေက ပြင်းထန်တယ် သေမလားရှင်၊ မလားတောင်မသိဘူး။ အဲဒီဘက်တွေက တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ဗုံးလာကြဲနေတာ”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
Paraglider ဒါမှမဟုတ် Paramotor လို့ခေါ်တဲ့ စက်တပ်လေထီးတွေဟာ ပျံသန်းချိန် တစ်နာရီခန့်ရှိပြီး၊ လေထီးပေါ်မှာ တစ်ဦး သို့မဟုတ် နှစ်ဦး လိုက်ပါပြီးလေ့ရှိပါတယ်။ စစ်ဆင်ရေးအတွင်း ရိုင်ဖယ်ပစ် ဗုံးသီး (အီနာဂါ)၊ လက်နက်ကြီး ၆၀ မမ ဗုံးသီးတွေနဲ့ မြေပြင်ပစ်မှတ်ကို ပစ်ခတ်ပြီး လာရာလမ်းကြောင်းအတိုင်း ပျံသန်းတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ပြင်ဦးလွင်တပ်နယ်ထဲ စက်တပ်လေထီးတွေ လေ့ကျင့်ပျံသန်းမှု လုပ်ခဲ့တာရှိတယ်လို့ သူက ပြောပါတယ်။
ပျံသန်းမှုအမြန်နှုန်းဟာ အနည်းငယ်နှေးတာကြောင့် စနိုက်ပါနဲ့ စက်သေနတ်တွေလို အဝေးပစ်ခတ်တဲ့ လက်နက်တွေနဲ့ ပြန်လည်ချေမှုန်းလို့ရတဲ့အကြောင်း CDM တပ်အရာရှိတွေက ပြောပါတယ်။