သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး
2024.09.01
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို ဩဂုတ်လ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁ နာရီခွဲခန့်မှာ ဇရပ်ကွင်းရွာ သစ်တောရုံးအနီးကို ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၈၀ အရွယ် အဘိုးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇရပ်ကွင်းရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
"လေယာဥ်ပတ်လာပြီးတော့ ကြဲသွားတာ။ သစ်တောဝင်းထဲကို ကျတယ်။ အဲဝင်းထဲ အိမ်ထဲက သုံးယောက် သေတယ်။ အဘိုး တစ်ယောက်၊ အသက်နှစ်ဆယ်ကျော်ထဲက တစ်ယောက်က ရွာခံ။ နောက်တစ်ယောက်က ၇ မိုင်ကနေ ဇရပ်ကွင်းမှာ လာနေတဲ့သူ။ နောက်တစ်လုံးကျတဲ့နေရာက သေတာတော့ မရှိဘူး"
ဒီအပြင် သစ်တောရုံးအနီးမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ဗုံးဒဏ်ကြောင့် နေအိမ်သုံးလုံးခန့်ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
ဇရပ်ကွင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတောကြောင့် ဒေသခံတွေထွက်ပြေးခဲ့ရပြီး အများစုက လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ရွာကိုမပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
ကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီလို့ NUG က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ သပိတ်ကျင်းမြို့နယ်ထဲမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။