စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန်ရွာကို ဇူလိုင်လ ၂၁ ရက် ည ၁၀ နာရီခွဲအချိန်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
မန္တလေးတိုင်း တံတားဦးလေတပ်စခန်းကနေ တိုက်လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
နမ်ဆန်ယန်အနီး စစ်ကောင်စီတပ်နဲ့ KIA အကြား ဇွန်လကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါ့ကြောင့် မနေ့ညက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကျေးရွာအတွင်း အဆောက်အအုံတချို့ ပျက်စီးခဲ့တာရှိပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နမ်ဆန်ယန်မှာ KIA က တပ်စွဲထားတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေးသား နေကြပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နမ်ဆန်ယန်ရွာအတွင်း KIA တပ်စွဲ ထားတာမရှိသလို ဒီတိုက်ခိုက်မှုကြောင့် KIA ဘက်က ထိခိုက်သေဆုံးတာမရှိဘူး လို့ ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နမ်ဆန်ယန်အနီးကို ထိန်းချုပ်ဖို့အတွက် စစ်အင်အား တစ်ထောင် နီးပါးသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KIA အကြား ထိတွေ့တိုက်ပွဲပေါင်း နှစ်ထောင် (၂၀၀၀) နီးပါးဖြစ်ပွားခဲ့တယ်လို့ KIA က ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲနီးပါး (၂၄,၄၀၀) တိုးလာပါတယ်။