နောင်ချိုနဲ့ သီပေါတိုက်ပွဲမှာ စစ်ကောင်စီ ဗုံးအလုံးရေ ၆ဝကျော် ကြဲချတိုက်ခိုက်

RFA Burmese
2024.10.05
နောင်ချိုနဲ့ သီပေါတိုက်ပွဲမှာ စစ်ကောင်စီ ဗုံးအလုံးရေ ၆ဝကျော် ကြဲချတိုက်ခိုက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က သီပေါမြို့တွင် ဗုံးကြဲတိုက်ခိုက်နေခိုက်နေသည့် စစ်ကောင်စီတပ်၏ Y-12 လေယာဉ်အား တွေ့ရစဉ်။
PSLF/TNLA News

ရှမ်းပြည်နယ် သီပေါမြို့နဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ ၆ဝ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က အောက်တိုဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့က စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းမှာ အောက်တိုဘာ ၅ ရက်နေ့ မနက်အစောပိုင်းက စပြီးတိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ငါးကြိမ် ဗုံးအလုံးရေ ရှစ်လုံး၊ နောင်ချိုမြို့က အမြောက်တပ် (၃၅၄) စခန်းတိုက်ပွဲမှာတော့ Y-12 လေယာဉ်နဲ့ ခုနစ်ကြိမ် ဗုံးအလုံးရေ ၅၉ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်လိုက်တာပါ။ အမြောက်တပ် (၃၅၄) စခန်းတိုက်ပွဲမှာတော့ အဆိပ်ငွေ့ဗုံးပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

နောင်ချိုမြို့က တောင်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းကိုတော့ စစ်ကောင်စီက ထောက်ပို့ယာဉ် Y-8 နဲ့ လက်နက်ခဲယမ်းတွေ ပို့ခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စက်တင်ဘာလအတွင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က စက်တင်ဘာ ၃ဝ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူမူကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သီပေါမြို့နယ်မှာ အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RFA ကို ပြောထားပါတယ်။

ရှမ်းပြည်နယ်တွင်း စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။