နှစ်သစ်ကူးနေ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကိုးဦး သေဆုံး

RFA Burmese
2024.12.31
နှစ်သစ်ကူးနေ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကိုးဦး သေဆုံး ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Telegram/ PNLA News&Info

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးနေ့မှာ မန္တလေး၊ ရခိုင်နဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာ လေကြောင်း တိုက်ခိုက်ခံရပြီး အရပ်သား ကိုးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောပါတယ်။

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ သကျင်ရွာကို ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ငါးဦး သေဆုံးပြီး နှစ်ဦးထိခိုက်သွားပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ညဘက် လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငါးဇွန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတပ်က PDF တွေရှိမယ်အထင်နဲ့ ဗုံးကြဲတာ။ အဲဒါ နေအိမ်ပေါ်ကျပြီး မိသားစုငါးဦးစလုံး သေသွားတယ်။ အခုမှ ရှင်းလင်းရေးလုပ်နေတုန်း၊ နှစ်ဦးက ဆေးကုသမှုလုပ်နေရတယ်။ အဓိကတော့ သတင်းပေးတွေကြောင့် အခုလိုဖြစ်သွားတာ"

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှာလည်း ဒီဇင်ဘာလ ၃၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား သုံးဦးသေဆုံးတယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ ကွမ်းတောင်ရွာက အသက် ၁၈ နှစ်အရွယ် ကိုဇော်မျိုးထွန်း၊ ယိုးတရုပ်ရွာက အသက် ၆၇ နှစ်အရွယ် ဒေါ်မသာလှနဲ့ တန်းခိုးရွာက အသက် ၁၈ နှစ်အရွယ် မဦးဆန်းနွယ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့အရှေ့ဘက် ဆင်စခန်း စစ်ဘေးဒုက္ခသည်စခန်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာခိုက်တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် လေးဦး ထိခိုက်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) ဌာနချုပ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အအုံတချို့ ပျက်စီးသွားကြောင်း PNLO/ PNLA က ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။