ဗန်းမော်မှာ ဗုံးကြဲခံရပြီး ခြောက်ဦး သေ၊ ငါးဦး ဒဏ်ရာရ
2025.03.18

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းနဲ့ ခူးလီရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခိုက်တာကြောင့် ဒေသခံ ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီရွာတွေဟာ KIA က ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့အနီးက ရွာတွေဖြစ်တာကြောင့် စစ်ကောင်စီတပ်က ဗန်းမော်မြို့ လုံခြုံရေးအတွက် ဗုံးကြဲတိုက်ခိုက်ဖြစ်နိုင်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"စင်းခန်းနဲ့ဆို ဗန်းမော်မြို့နဲ့ လက်နက်ကြီး ပစ်သလောက်ပဲ ဝေးတယ်။ ဆိုတော့ ဗန်းမော်လုံခြုံရေးအတွက် အခုလိုတိုက်ခိုက်တာလို့ မြင်ပါတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါပါတယ်။ အတိအကျကိုတော့ မသိရသေးပါဘူး။ ဖုန်းလိုင်းက တအားကို ခက်ခဲနေတာ ဟုတ်တယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စင်းခန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လ ပထမနှစ်ပတ်အတွင်း အရပ်သား ၉၂ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။