ဖားကန့်မှာ ဗုံးကြဲခံရပြီး ရှစ်ဦးထက်မနည်း သေဆုံး

RFA Burmese
2025.01.13
ဖားကန့်မှာ ဗုံးကြဲခံရပြီး ရှစ်ဦးထက်မနည်း သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဆွပ်ယန်နဲ့ ဆန်ခါရွာတို့ကို ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ဆန်ခါရွာထိပ်နဲ့ မဆွပ်ယန် စာသင်ကျောင်းအနီးကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဉ်နဲ့ ဗုံး နှစ်ကြိမ်ကြဲတယ်။ စစ်သေနတ်တွေလည်းနဲ့ ပစ်သွားတယ်။ အခုသိရသလောက်ကတော့ ရှစ်ဦးသေဆုံးတယ်လို့ သိရတယ်။ ဒီထက်လည်းများရင်လည်း များနိုင်တယ်။ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်"

အရပ်သားတွေနေထိုင်တဲ့ ရွာတွေထဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒေသခံတွေ ပေးပို့တဲ့ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေအရ သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦး၊ ရေမဆေးကျောက်ရှာတဲ့သူတွေ၊ ဒေသခံအမျိုးသားတွေနဲ့ လမ်းသွားလားလမ်းလာတချို့ သေဆုံးနေတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ဧရိယာက စန်လွန်ရွှေမှော်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။