နမ့်ခမ်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.11.26
နမ့်ခမ်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် တိုက်နယ်ဆေးရုံအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲကို နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သလို တိုက်နယ်ဆေးရုံနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲကျော်မှာ နမ့်ခမ်းမြို့၊ မန့်နားရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမည်မသိရသေးတဲ့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် အစောပိုင်း ၂ နာရီခန့်မှာလည်း နမ့်ခမ်းမြို့နယ်၊ မန်အောင်ရွာကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်နယ်ဆေးရုံပါ ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရွာမှာတော့ လူသိပ်မရှိပါဘူး။ အဲဒီ ဆေးခန်းမှာတော့ ထိသွားတာပေါ့နော်။ ကလေးတစ်ဦး အပါအဝင်ပေါ့။ နှစ်ဦးတော့ ဒဏ်ရာတွေ ရသွားတယ်။ နမ့်ခမ်းမြို့ထဲက မန့်နားထဲမှာလည်း ဒီနေ့ မနက်ကပဲ ထောက်ပို့ လေယာဉ်နဲ့ ဗုံးချသွားတယ်။ အဆောက်အအုံတွေ ပျက်စီးပြီး ဖြစ်တဲ့ဟာက တော်တော်လေး ဆိုးတယ်။ လူက တစ်စစီ ဖြစ်သွားတာပေါ့။ အရပ်သားပဲ သေသွားတာက။ အသက်၊ နာမည်တော့ မသိရသေးဘူး”

စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့နယ်ထဲက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး တချို့တွေကတော့ ထွက်မပြေးဘဲ ကိုယ့်အိမ်ခြံဝင်းထဲမှာ ဗုံးခိုကျင်း တူးပြီး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ နမ့်ခမ်းမြို့နယ်မှာ အိမ်ထောင်စု နှစ်သောင်းကျော် (၂၁,၄၁၇ စု) ရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ခဲ့ကြပါတယ်။

TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က နမ့်ခမ်းမြို့နယ်၊ မန်အောင်ရွာကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တဲ့အတွက် တိုက်နယ်ဆေးရုံပျက်စီးသွားသလို ဒေသခံ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာတွေရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်၊ နောင်ပြစ်ရွာလမ်းခွဲမှာလည်း ဒီနေ့ မနက် ငါးနာရီခွဲကျော်ကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြောစရာမရှိဘဲ စစ်ဘေးဒုက္ခသည် ပြည်သူတွေကိုတော့ နေထိုင်စရာတွေ အပါအဝင် ကူညီပေးနေတာတွေရှိတယ်လို့ ပြောပါတယ်။

“အဲဒီပေါ်မှာတော့ ကျွန်တော်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုရင် လုံခြုံရေးနဲ့ ပတ်သက်တဲ့ဟာကျတော့ လုံခြုံရေးတာဝန်ခံတဲ့ အပိုင်းကနေပဲ ပြောလို့ရတာလေ။ ကျွန်တော့်အနေနဲ့ အဲဒီအပိုင်း သေသေချာချာ မသိတော့ မပြောနိုင်တဲ့အတွက် နားလည်ပေးပါခင်ဗျာ။ စစ်ဘေးဒုက္ခသည်တွေကိုတော့ ကျွန်တော်တို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးနေပါတယ်။ အထူးသဖြင့် လိုအပ်နေတဲ့ နေထိုင်မှုတို့ စီမံပေးမှုတွေ ဆောင်ရွက်ပေးနေပါတယ်။ တခြား ပြောစရာတော့ မရှိပါဘူး။ ကျွန်တော်တို့က တိုင်းပြည် မြန်မြန်အေးချမ်းဖို့ပဲ ဆုတောင်းပါတယ်”

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ လုံခြုံရေး တပ်စခန်းကို MNDAA အဖွဲ့က နိုဝင်ဘာလ ၂၄ ရက် ညပိုင်းကစလို့ အကြိမ်ကြိမ် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှု များစွာနဲ့ ပြန်ဆုတ်သွားတယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သူတို့ ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကတစ်ဆင့် ပြောဆိုထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အချို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ တိုက်ခိုက်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။