စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ပဒူကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့တာကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီမှာ တစ်ကြိမ်၊ ၂ နာရီမှာ တစ်ကြိမ်နဲ့ ညနေ ၅ နာရီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်အထိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပဒူကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၁ ရက်မှာ ဝင်စီးဖို့ကြိုးစားတာကြောင့် အခုလို လေကြောင်းကတိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းသိမ်းတာလေ။ အဲဒါကို လာကူပြီး ပစ်သွားတာ”
လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၃၀၀ နီးပါးရှိတဲ့ ပဒူကျေးရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၉ ရက်ကတည်းက အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်က ပဒူတိုက်နယ် ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနံ၊ ရွာသစ်ရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နဲ့ လေးလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ၂၉၅ ကြိမ်ထိရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။