မင်းတပ်မှာ နှစ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်လေးဆယ်ကျော်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ပြော
2024.09.30
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ်လုပ်ပြီး လူနေအိမ် ၃၆ လုံး မီးရှို့ ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ပြီး နေအိမ် ကိုးလုံး၊ စာသင်ကျောင်း နှစ်ခု နဲ့ စာသင်ကျောင်း ဘော်ဒါဆောင် လေးခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီ့အပြင် စစ်ကောင်စီတပ်က ဩဂုတ်လအတွင်းမှာ တစ်ကြိမ်၊ စက်တင်ဘာအတွင်းမှာ ခြောက်ကြိမ်ခန့် မင်းတပ်မြို့ပေါ်က နေအိမ်တွေ မီးရှို့တာကြောင့် နေအိမ် ၃၆ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲ ပစ်ခတ်မှုတွေက ရှိတာမဟုတ်ဘူး။ အကြောင်းမဲ့ လေကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာ ဖြစ်တယ်။ နေအိမ်ဆိုရင်လည်း ဆက်တိုက်ကို ရှို့နေတော့တာ၊ တဖြည်းဖြည်း ကုန်တော့မယ်"
စစ်ကောင်စီတပ်က ကုန်းလမ်းနဲ့ ရိက္ခာပို့တာ၊ ထိုးစစ်ဆင်တာ မလုပ်တော့ဘဲ ခြေလျင်တပ်ရင်း ခလရ - ၂၇၄ တပ်ရင်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေကြောင်းနဲ့ အကြိမ်ရေ ၅၀ ထက်မနည်း လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။