မြောင်မှာ လေကြောင်းနဲ့ ဗုံးကြဲခံရပြီး ခြောက်ဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ
2024.10.24
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဇရပ်ကုန်းရွာသားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မဂျူလိုင်စိုးနဲ့ အမေဖြစ်သူ ၆၁ နှစ်အရွယ် ဒေါ်သန်းမြတို့ နှစ်ဦး နေရာမှာတင် သေဆုံးပြီး အသက် ၁၈ နှစ်အရွယ် မောင်ကျော်ထက်နောင်၊ အသက် ၈၀ အရွယ် ဒေါ်ထူး၊ အသက် ၅၁ နှစ်အရွယ် ကိုမြင့်လွင်နဲ့ အသက် ၂၇ နှစ်အရွယ် မယဥ်ဖြိုးဝေတို့ လေးဦးကတော့ မနေ့က ညပိုင်းမှာ ဆေးကုသရင်း ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာတော့ တစ်နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပြီး ကျား၊ မ အသက်အရွယ်စတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။ မနေ့က ညနေပိုင်းမှာ ဇရပ်ကုန်းရွာအနဲ့ အနီးတစ်၀ိုက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ဇရပ်ကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ လာကြဲသွားတာ။ ပထမတစ်စင်းက လွတ်တယ်။ နောက်တစ်စင်းက ရွာထဲကို တည့်တည့်ချသွားတာ။ မနေ့က ကျကျချင်း နှစ်ယောက်သေတယ်။ ပြီးတော့ ဆေးရုံကို ၁၄ ယောက် ပို့ရတယ်။ နောက်ထပ် ဆေးရုံမှာ လေးယောက် သေတာဆိုတော့ မနေ့ညကတင် ခြောက်ယောက်သေတယ်။ ရွာကို ဗုံးနှစ်လုံးကြဲတာ။ ဗုံးကပြင်းတော့ အစာတွေက ပတ်ပတ်လည်ကို ထိမှန်တာ"
တိုက်ပွဲဖြစ်တာမရှိဘဲ ဘာကြောင့်ဗုံးလာကြဲတာဆိုတာတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
ဇရပ်ကုန်းရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး ဇရပ်ကုန်းရွာခံ လေးထောင်ခန့် လေကြောင်းအန္တရာယ်စိုးရိမ်တာကြောင့် ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲ့ ဧရာဝတီမြစ် တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက စစ်ရေးအရအရေးပါတဲ့ ငါန်းဇွန်းမြို့နယ်၊ ငါန်းမြာကြီးရွာကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၂ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ မေလကနေ သြဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။