နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက် ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး

RFA Burmese
2024.11.19
နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက် ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းရွာရှိ အမှတ် (၃) ဆင်းရွှေလီ သကြားစက်ရုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အင်းဝိုင်းရွာက အမှတ် (၃) ဆင်းရွှေလီ သကြားစက်ရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်ရုံနေရာ တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ နောင်ချိုဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အင်းဝိုင်းစက်ရုံထဲကို ကျတာ။ အမျိုးသား တစ်ယောက် ဆုံးသွားတယ်ဗျ။ အဆောင်တွေလည်း ပျက်စီးသွားတယ်"

အင်းဝိုင်းရွာဟာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်နေတဲ့ တောင်ခမ်းရွာကိုသွားတဲ့လမ်းမှာရှိတာဖြစ်ပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အဲဒီစက်ရုံမှာ လုပ်ငန်းတွေ ရပ်နားထားရပြီး စက်ရုံအစောင့်တွေနဲ့ အလုပ်သမားတချို့ပဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝိုင်းနဲ့ နယ်မြေတစ်ဆက်တည်းဖြစ်တဲ့ ကံကြီးနဲ့ တောင်ခမ်းရွာတွေမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး ဂန့်ကော်နဲ့ အုမ္မသီး လမ်းခွဲနေရာတွေမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာ ၁၂ ရက်ကနေ ၁၆ ရက်နေ့အတွင်းမှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် လန်းဆန်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဒေသခံ ၁၁ ဦး၊ လုံးစံရွာက ကလေးငယ် တစ်ဦး၊ ဈေးရပ်ကွက်က အမျိုးသား တစ်ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၈ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၂၆ ဦး သေဆုံးပြီး လေးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။