AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ဗုံးကြဲခံရပြီး အရပ်သားလေးဦး သေဆုံး

2025.03.26
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ဗုံးကြဲခံရပြီး အရပ်သားလေးဦး သေဆုံး ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာ အဝင်လမ်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က အောင်ဖြူပြင် ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၅ ရက် မနေ့က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ဘေး ဒုက္ခသည် လေးဦးသေဆုံးပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာကို စစ်ကောင်စီတပ်က ည ၇ နာရီကျော်လောက်မှာ လာရောက်ဗုံးကြဲချခဲ့တာလို့ ရခိုင်စစ်ဘေး ဒုက္ခသည် တွေအရေး အကူအညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကိုပြောပါတယ်။

“မနေ့ည ၇ နာရီ ၂၀ လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတာပါ။ ဒဏ်ရာရတဲ့သူတွေအထဲမှာ စိုးရိမ်ရတဲ့သူတွေလည်းပါတယ်”

သေဆုံးသွားသူတွေဟာ အသက် ၅၃ နှစ်အရွယ် ဦးသန်းမောင်၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီ၊ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုမောင်သက်နိုင်နဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။ အဲဒီအထဲက ဦးသန်းမောင်တို့ မိသားစုသုံးဦးဟာ ဗုံးကြဲခံရချိန် ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီး နောက်ထပ် တစ်ဦးကတော့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့လည်းဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၂ နှစ်ကနေ ၁၅ နှစ်အကြား ကလေး ငါးဦး၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၁၃ ဦးဖြစ်ပါတယ်။

သူတို့အားလုံးဟာ ပုဏ္ဏားကျွန်းမြို့မှာ တိုက်ပွဲစဖြစ်ကတည်းက အောင်ဖြူပြင်ကျေးရွာကို ထွက်ပြေးခိုလှုံ နေကြသူတွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် ဒီနေ့အထိ နေရပ် မပြန်နိုင်ကြသေးတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ပုဏ္ဏားကျွန်းအပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ သုံးမြို့နယ်ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။