စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့နဲ့ ကလေးမြို့နယ်ထဲက စော်ဘွားရေရှင်ရွာကို ဧပြီလ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၂ ရက် မနက်အစောပိုင်း နှစ်နာရီခန့်မှာ ခါမ်းပါတ်မြို့၊ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ယောက်ျားလေးတစ်ယောက်က ခေါင်းပြတ်သွားတယ်။ နောက်မိန်းကလေးတစ်ယောက်ကတော့ နေရာစုံ ထိတယ်လို့ ပြောရမှာပေါ့။ ခေါင်းရော၊ တခြားနေရာတွေရော ထိတာ။ သူတို့က အမှတ် (၁) ရပ်ကွက်မှာနေတဲ့ ဒေသခံတွေ။ မနေ့က လုံးဝထင်မှတ်မထားတဲ့အချိန်မှာ လေယာဉ်က ဂျက်ဖိုက်တာနဲ့ လေးခေါက်ဝဲလာတာ”
ဒါ့အပြင် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာခဲ့သလို နေအိမ် ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် စော်ဘွားရေရှင်ရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲတော့မရှိဘူး၊ ဒီနေ့မနက်နှစ်နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲတာ။ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်ပြီးတော့ အဲဒီကနေ လေးရွာပဲခြားတဲ့ ကလေးနယ်က စော်ဘွားရေရှင်ကိုလည်း ကြဲတယ်"
အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရထားတဲ့ ခုနစ်ဦးခန့်မှာ ကလေးငယ်တစ်ဦးလည်း ပါနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ကလည်း တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ကနန်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်ကိုးဦး အပါအဝင် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။