တနိုင်းရွှေမှော် ဗုံးကြဲခံရမှု အရပ်သား ၁၅ ဦး သေဆုံးကြောင်း KIA ပြော
2025.01.11

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က စန်လွန်ရွှေမှော်ကို ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးကာ၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။
တနိုင်းမြို့နယ်ဟာ ဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။
စန်လွန်ရွှေမှော်ဟာ အလုပ်သမား၊ ဈေးဆိုင်ခန်းတွေနဲ့ လူစည်ကားရာဒေသဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်ကောင်စီတပ်က တမင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"ပစ်တာကတော့ စန်လွန်ရော၊ လပူခရော ကြဲတာပေါ့။ သေဆုံးထိခိုက်တာက စန်လွန်ဘက်မှာလည်း သိထားပါတယ်။ အခုထိသေဆုံးတာက အရေအတွက် ထပ်မတိုးသေးပါဘူး။ အရင်က ရွှေမှော်တွေမှာ စကစတွေက တပ်စခန်းတွေရှိတယ်။ အခုနောက်ပိုင်းမရှိတော့ သူတို့ဝင်ငွေရပေါက် မရှိတော့တဲ့အခါကျတော့ တမင်သက်သက် ဗုံးကြဲတာ"
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိသေးသလို ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလာကြဲမှာ စိုးရိမ်တာကြောင့် တနိုင်းမြို့က ရွှေလုပ်ကွက် အားလုံးနီးပါး လတ်တလောရပ်ဆိုင်းထားပြီး အခြေအနေ စောင့်ကြည့်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာပဲ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။