အမ်းနဲ့ တောင်ကုတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံကိုးဦး သေဆုံး

RFA Burmese
2024.10.31
အမ်းနဲ့ တောင်ကုတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံကိုးဦး သေဆုံး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။
Arkan Princess Media

Updated 1:21 PM Oct 31, 2024

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ကိုးဦးထက်မနည်း သေဆုံးပြီး လူနှစ်ဆယ်နီးပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက် မနေ့က တောင်ကုတ်မြို့နယ် မောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ အမ်းမြို့မှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့က မြို့ဟောင်းရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူတစ်ဆယ်ကျော် ဒဏ်ရာရခဲ့တာပါ။

မြို့ဟောင်းရပ်ကွက်က နှစ်ဦးနဲ့ အမှတ် (၄) ရပ်ကွက်က နှစ်ဦးသေဆုံးသွားတာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တချို့လည်း မီးလောင်သွားတယ်လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။

"မြို့ဟောင်းမှာ အဝတ်အစားသွားယူတဲ့ သုံးယောက်ထိတယ်။ နှစ်ယောက်တော့ ခြေပြတ်ပြီး သေသွားတယ်။ ပြီးရင် အမှတ် (၄) ရပ်ကွက်မှာလည်း နှစ်ယောက် သေတယ်။ တခြားနေရာတွေမှာလည်း သေတာတွေရှိသေးတယ်။ အတိအကျတော့ မသိရဘူး။ ဒဏ်ရာရသူတွေကတော့ တစ်ဆယ်ကျော်လောက်ရှိတယ်။ လက်နက်ကြီးကျလို့ နေအိမ်တွေလည်း မီးလောင်တာရှိတယ်"

လက်ရှိမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ အဆက်မပြတ် ကြားနေရသလို မြို့အနီးဝန်ကျင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Y12 အမျိုးအစားလေယာဉ်တွေနဲ့ ဗုံးလာကြဲနေတယ်လို့လည်း သူက ဆိုပါတယ်။

တောင်ကုတ်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေက ၁၀ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်တဲ့ မတင်ကျန်၊ ကိုနေလင်းစိုးနဲ့ ကိုနေဝင်းတို့ ဖြစ်ပါတယ်။

ဒဏ်ရာရတဲ့ ဒေသခံတွေကိုတော့ ဆေးကုသမှု ပေးနေတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

"ဒဏ်ရာရတဲ့အထဲမှာတော့ လူကြီးတွေပါပဲ။ ကလေးတွေ မပါဘူး။ ဆေးကုပေးနေလို့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ သေဆုံးသွားတဲ့သူတွေကိုတော့ ဒီနေ့သင်္ဂြိုဟ်မယ်လို့ သိထားပါတယ်"

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာလည်း တောင်ကုတ်မြို့နယ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) နဲ့ တပ်ဦးတောင် လက်နက်ကြီးအထိုင်စခန်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အဆက်အမပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုနှစ်ခုလုံးကို စစ်ကောင်စီက ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ အချိန်တစ်နှစ်နီးပါး ရှိနေပြီး ရခိုင်ပြည်နယ်က မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ပါတယ်။ နောက်ထပ် အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေပါတယ်။

(မှတ်ချက်- ဤသတင်းတွင် အမ်းမြို့က လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။