တန့်ဆည်မြို့နယ် ဇီးပေါက်ရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ
2024.11.04
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာ အလယ်တန်းကျောင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းဆောင်တွေ သုံးမရအောင် ပျက်စီးသွားပြီး လူသုံးဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ည ၉ နာရီကနေ ၁၁ နာရီအတွင်း အဲဒီရွာစာသင်ကျောင်းကို သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းအဆောက်အအုံတွေ ပျက်စီးပြီး လတ်တလောမှာ ကလေးတွေ စာသင်ကြားဖို့အတွက် နေရာထိုင်ခင်းတွေ မရှိတော့ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စာသင်ကျောင်းကတော့ သုံးလို့မရတော့တဲ့ အခြေအနေအထိ ဖြစ်သွားတယ်။ စာသင်ကျောင်းက ရွာထဲမှာပဲရှိတာ ရွာအပြင်မဟုတ်ဘူး။ ကလေးတွေဆိုရင် အုံးအုံးဆိုတဲ့ အသံကြားရင်ကို မြေကြီးပေါ်ဝပ်နေရတာ။ အခုက ကလေးတွေ စာသင်ရဖို့ နေနေသာသာ ထော်လာဂျီ ဖြတ်သွားရင်တောင် လေယာဉ်သံထင်ပြီး ကြောက်လန့်နေရတဲ့ အခြေအနေဖြစ်နေတာ"
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်တာအပြင် လယ်ယာသုံး ခိုင်းနွားသုံးကောင် သေဆုံးပြီး ဆိုင်ကယ်သုံးစီးလည်း မီးလောင်ပျက်စီးတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ချိန် အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီး ငါးဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု အကြိမ်းနှစ်ရာနီးပါး ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် တက္ကသိုလ်၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄၆ ကျောင်းအထိ ပျက်စီးခဲ့ရပါတယ်။