သံတွဲမြို့ ဗုံးကြဲခံရပြီး အမျိုးသမီးနှစ်ဦး သေဆုံး

RFA Burmese
2024.11.12
သံတွဲမြို့ ဗုံးကြဲခံရပြီး အမျိုးသမီးနှစ်ဦး သေဆုံး ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၃ နာရီမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ အံတော်တံတားဦးအနီးမှာရှိတဲ့ စားသောက်ဆိုင်၊ ငါးအအေးခံစက်ရုံနဲ့ တောင်ကုတ်ကားဂိတ် စတဲ့ နေရာသုံးခုကို ဗုံးကြဲခဲ့တာပါ။

ဗုံးကြဲမှုကြောင့် အသက် ၃၀ ကျော်အရွယ်ရှိကြတဲ့ မစုစုလှိုင်နဲ့ မဝိုင်းစိန်မတို့ ပွဲချင်းပြီး သေဆုံးသွားတာလို့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၃ နာရီလောက်မှာ နေရာသုံးခုကို ဗုံးကြဲသွားတာပါ။ မိန်းကလေးနှစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ မစုစုလှိုင်ကတော့ သံတွဲမြို့ပေါ်က၊ မဝိုင်းစိန်မ ဆိုသူကတော့ မြို့ပေါ်မှာ စစ်ဘေးလာရှောင်တာ"

သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ၁၆ ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ် ဇန်ဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ရခိုင်ပြည်နယ်က ၁၅၉ ဦးနဲ့ အများဆုံး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။