စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က တောမ၊ ဝဲကြီး၊ မရသိမ် စတဲ့ရွာတွေအပါအဝင် ရွာငါးရွာနီးပါးကို ဧပြီလ ၂၄ ရက်၊ မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ခြောက်ကြိမ်တိုက်ခဲ့လို့ အရပ်သားသုံးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောမရွာနဲ့ မရသိမ်ရွာအကြားက အရိုးတောင်ပေါ်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ဝဲကြီးနဲ့ ဖုန်ကုန်းရွာအကြားကို နှစ်ကြိမ်၊ တောမရွာအနီးနားကို နှစ်ကြိမ် ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မြစ်ကြီးနားဘက်က ဆင်းလာတာက ငါးကြိမ်၊ တံတားဦးဘက်က လာတာက တစ်ကြိမ် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပစ်သွားတာ။ ထိခိုက်မှုအသေးစိတ်တော့ မသိရသေးဘူး။ ဒေသခံတွေလည်း ထွက်ပြေးနေရတာဆိုတော့လေ။ တောမရွာကို မြေပြင်စစ်ကြောင်းက မီးဝင်ရှို့နေတယ်။ မီးခိုးတွေမြင်နေရတယ်"
တောမရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ အင်အား ၁၂၀ နီးပါးပါ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်ရှိပြီလို့လည်း သူက ပြောပါတယ်။
ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာလည်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
အခုနှစ်အတွင်းမှာပဲ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်လာနေပါတယ်။
ဧပြီလ ၁၁ ရက်နေ့ကလည်း ပဇီကြီးရွာမှာပြုလုပ်တဲ့ ပ.အ.ဖ ရုံး ဖွင့်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၆၈ ဦးအထိ သေဆုံးခဲ့ပါတယ်။