မန္တလေး PDF အချုပ်ခန်း ဗုံးကြဲခံရပြီး ၁၂ ဦးသေဆုံး၊ ခြောက်ဆယ်ခန့် ဒဏ်ရာရ
2024.10.29
Updated 4:00 PM, Oct 29,2024
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အချုပ်ဆောင်တစ်ခုကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေက စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းရှစ်ဦး အပါအဝင် အချုပ်သား ၁၂ ဦး သေဆုံးပြီး နောက်ထပ် အချုပ်သားခြောက်ဆယ်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDY-PDF က အောက်တိုဘာ ၂၉ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီအချုပ်ဆောင်ဟာ ဘယ်မြို့နယ်ထဲမှာရှိတယ် ဆိုတာကိုတော့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အဲဒီအချုပ်ဆောင်ဟာ နောင်ချို-မိုးကုတ် လမ်းပေါ်က ဟိုခိုကျေးရွာမှာရှိတဲ့ အချုပ်ဆောင် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဟိုခိုမှာ သူတို့ဖမ်းထားတဲ့လူတွေကို ထားတဲ့အချုပ်ခန်းရှိတယ်ဗျ။ ထောင်ရှိတယ်လေ။ အဲဒီနေရာကို ကြဲသွားတာ။ သေတာက ဆယ်ယောက်ကျော်တယ်။ ထိသွားတာက ငါးဆယ်ကျော်တယ်။ အခု ဂန့်ကော်ရွာဘက်မှာလည်း ပြန်ဖြစ်နေပြီ”
စစ်ကောင်စီဘက်က အောက်တိုဘာ ၂၈ ရက်နေ့မှာ ဟိုခိုရွာနဲ့ ၁၂ မိုင်ကျော်ဝေးတဲ့ နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို သိမ်းပိုက်ပြီးနောက် ဟိုခိုရွာကိုသိမ်းပိုက်နိုင်ဖို့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ရာမှာ အချုပ်ဆောင် ဗုံးကြဲခံခဲ့ရတာလို့ ဆိုပါတယ်။
MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ ရည်ရွယ်ချက်ရှိတဲ့ ဒီတိုက်ခိုက်မှုကြောင့် မလိုအပ်ဘဲ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေနဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားခဲ့ပေမဲ့ အခုလို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မလိုအပ်ဘဲ လူ့အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်”
လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ လူသက်သေ ဖျောက်ဖျက်လိုတဲ့သဘောဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
“တော်လှန်ရေး အင်အားစုတွေဘက်က လုပ်ထုံးလုပ်နည်းတွေအရ စစ်ဆေးမေးမြန်းတာ ရှိတယ်ဆိုရင်တောင် စစ်ကောင်စီအတွက်က ကြောက်လန့်စရာပေါ့နော်။ အဲဒီတော့ သူတို့က ဒီနေရာတွေကို မရရအောင် စုံစမ်းပြီးတော့ သတ်ဖြတ်တာလို့ မြင်ပါတယ်။ စေခိုင်းမှုတွေအတွက် ခိုင်လုံတဲ့ လူသက်သေ ဖြစ်သွားမှာကို စိုးရိမ်ပြီး စစ်ကောင်စီက အခုလို လုပ်တာပါ”
ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ဟိုခိုကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့အတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ထားတဲ့အခြေအနေကို တွေ့ရတယ်လို့လည်း ဒေသခံအချို့က ပြောပါတယ်။
မနေ့က လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့ အချုပ်ဆောင်ဟာ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထားရှိတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ရှိတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသူတွေအားလုံးကို ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသခံတစ်ဦး၊ CDM ဗိုလ်ကြီး ဇင်ယော်နှင့် MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)