ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး လေကြောင်းကနေ ပေါင် ငါးရာဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့ခံတွေအပြင် မြို့အနီးအနားကို ထွက်ပြေးလာရသူတွေပါ ထပ်မံထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က ဆိုက်ခေါင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်က စက်သုံးဆီ အရောင်းဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“လက်နက်ကြီးနဲ့ပစ်တာ ဟုတ်တယ်။ ဓာတ်ဆီဆိုင်မှာကျလို့ မီးလောင်သွားတာ။ လူမရှိတော့ ထိခိုက်တာမျိုးတော့ မဖြစ်ဘူးပေါ့။ တစ်နေ့ကလည်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အခုက မြို့မှာကျန်နေတဲ့ လူတွေရော မြို့အနီးအနားကို ထွက်ပြေးနေရတဲ့လူတွေပါ နေစရာမရှိဘူး။ ထပ်ပြေးနေရတာ။ တောင် ပြေးလိုက်၊ မြောက် ပြေးလိုက်နဲ့”
ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိလည်း လက်နက်ကြီးတွေနဲ့ပစ်နေတာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
“ဆီဆိုင်မြို့ပေါ်ကို သူတို့လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေတာပေါ့။ ဆိုက်ခေါင်ရွာ အရှေ့ဘက်ကိုလည်း ပစ်ခတ်တာရှိတယ်။ ၁၀ ရက်နေ့ကတော့ ဆီဆိုင်မြို့အနောက်ဘက်ကို လေကြောင်းကနေ ပေါင်ငါးရာဗုံးနဲ့ နှစ်ကြိမ်လာပြီး ပစ်ခတ်တာရှိတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ် အပေါင်းအပါတွေက ဆီဆိုင်မြို့ကို ပြန်သိမ်းဖို့လုပ်နေတာ။ ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးခုခံနေတာရှိပါတယ်”
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ရုပ်အလောင်း ငါးဆယ်ကျော်အထိ တွေ့ရှိခဲ့ရပြီး မြေမြှုပ်ပေးခဲ့ရတယ်လို့လည်း (PNLA) ပြောခွင့်ရသူက ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း ဒီအပေါ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
(PNLA) ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောင်အအုံ ခုနစ်ခုနဲ့ အရပ်သားနေအိမ် ငါးဆယ်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ (PNLA) ရဲ့ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNA) က စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။
ဇန်နဝါရီ ၂၂ ရက်မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နေရာအချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (PNLA) တပ်ဖွဲ့ကလည်း မြို့တွင်းနဲ့ စစ်ကောင်စီ တပ်စခန်းအချို့ကို ထိန်းချုပ်ခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ရာကနေ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း နှစ်ဆယ်ကျော်ရှိပါပြီ။
RFA က ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဆီဆိုင်မြို့နယ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦးနဲ့ အမျိုသား နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ် ရပ်ကွက်ခြောက်ခုနဲ့ အနီးအနားရွာတွေက လူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။