ဖြူးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ဒေသခံနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
2023.11.26
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ရေတွင်းကုန်းနဲ့ ဇဟားရွာကို နိုဝင်ဘာလ ၂၅ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဖြူးဒေသခံတွေက ပြောပါတယ်။
ရေတွင်းကုန်းရွာထဲက နေအိမ်တစ်လုံးပေါ်ကို လေယာဉ်ပေါ်က ပစ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ခြောက်ဆယ်အရွယ် ဒေါ်စန်းမှီနဲ့ အသက် ၆၅ နှစ်အရွယ်ဒေါ်ပြားဝင်းတို့ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေယာဉ်နဲ့ပစ်လိုက်တဲ့ လက်နက်ကြီးက အိမ်ရဲ့မှန်တံခါးကိုကျော်ပြီး အိမ်ထဲ ရောက် သွားတာ။ ပထမဆုံးတစ်ယောက်ကို ထိသွားတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ လက်နက်ကြီးအစက နောက်တစ်ယောက် ထပ်မှန်တော့ ဆေးရုံကိုပို့ဖို့ လုပ်နေတုန်းမှာပဲ လမ်းမှာ သေသွားတာ”
ဒါ့အပြင် ရေတွင်းကုန်းရွာထဲက ကလေးငယ်တစ်ဦးနဲ့ ဒေသခံနှစ်ဦး၊ ဇဟားရွာက ဒေသခံနှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာမရှိဘဲ လေကြောင်းနဲ့ ပစ်ခဲ့တာဖြစ်ပြီး ဖြူးမြို့နယ်ထဲမှာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ မကြာခဏ သေဆုံးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း လေးအိမ်စုရွာမှာရှိတဲ့ နေအိမ်တစ်ခုထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ခုနစ်နှစ်အရွယ် မနွေးနွေးအောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။
လေကြောင်း တိုက်ခိုက်ခံရမှုတွေကို မှတ်တမ်းပြုစုနေတဲ့ ဉာဏ်လင်းသစ် သုတေသန အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာ သိမ်း ပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ကိုးရာကျော် ရှိခဲ့ပြီး အရပ်သား ခုနစ်ရာနီးပါး သေဆုံးခဲ့သလို ၄၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။