ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သဘောတူကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ပြော
2024.02.13

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သဘောတူတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်သွားရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခဲ့ပြီး လွှတ်တော်မတိုင်ခင်မှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး တိုင်းနဲ့ ပြည်နယ်တွေအတွက် လုပ်ဆောင်ပေးလို့ရတယ်လို့ ဆိုထားတာပါ။
ပါတီစုံ ဒီမိုကရေစီစနစ်မှာ သဘောထားကွဲလွဲမှု ရှိနိုင်ပေမယ့် နိုင်ငံရေးနည်းနဲ့မဟုတ်ဘဲ လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာကိုတော့ လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ဆက်ပြီးရပ်တည်သွားမယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုလည်း ပါတီတွေ လုပ်ကိုင်ရလွယ်ကူစေဖို့ ပြင်ဆင်ပေးထားတယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ မဟာမိတ်တွေကတော့ အာဏာသိမ်းမှုဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်မပါဝင်ဖို့၊ ဒီမိုကရေစီအရပ်သား အုပ်ချုပ်မှုအောက်မှာ လက်နက်ကိုင်တပ်တွေကိုထားဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီကို လက်ခံတဲ့ အခြေခံဥပဒေရေးဆွဲဖို့၊ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့နဲ့ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိဖို့ဆိုတဲ့အချက် ခြောက်ချက်ကို ဇန်နဝါရီလ ၃၁ ရက်မှာ ဘုံသဘောထား ထုတ်ပြန်ထားပါတယ်။
အဲဒီခြောက်ချက်ကိုလက်ခံမယ်ဆိုရင် NUG ကို အာဏာလွှဲပြောင်းပေးဖို့ ဆွေးနွေးရမယ်လို့ ဆိုထားတာပါ။
အာဏာသိမ်းပြီး သုံးနှစ်ကျော်လာချိန်မှာတော့ တော်လှန်ရေး အင်အားစုတွေဟာ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့က မြို့ပေါင်း လေးဆယ်ကျော်ကိုသိမ်းယူပြီး ထိန်းချုပ်ထားပါတယ်။