လွတ်မြောက်ရေးမျှော်လင့်နေကြ
2011.10.07

(Photo:RFA/Tyler Chapman)
ထောင်တွင်းဖတ်ရှုရတဲ့ ဂျာနယ်တွေ စာစောင့်တွေက တစ်ဆင့် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် အခုလို မျှော်လင့်ချက်တွေ ဖြစ်ပေါ်နေကြတာလို့ ဘားအံထောင်ကနေ ထောင်ဝင်စာတွေ့ပြီး ဒီကနေ့ ပြန်လည် ရောက်ရှိလာတဲ့ ကိုနေဖုန်းလတ်ရဲ့ မိခင် ဒေါ်အေးသန်းက ပြောပါတယ်။
ထောင်တွင်းက ကိုနေဖုန်းလတ်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကိုတော့ ဒေါ်အေးသန်းက အခုလို ပြောပြပါတယ်။
“နေဖုန်းလတ်ကတော့ ညဘက်ဆိုရင် နှာခေါင်းပိတ် နှာရည်ကျနေတာ လနဲ့ချီနေပြီ။ ဆေးလည်း အမျိုးမျိုးဝယ်ပေးတာပဲ မပျောက်ဘူး။ တိုက်က တစ်နေ့လုံးမိုးအေးတော့ အဲဒီအေးတဲ့ အရှိန်ကြောင့်လား မသိဘူးပေါ့နော်။ ပုသိမ်က ပြည့်ဖြိုးအောင်က အသည်းရောင်လို့ ဆန်ပြုတ်ပဲ သောက်နေရတယ်”
ဒါ့အပြင် ဘားအံထောင်မှာ အကျဉ်းကျနေတဲ့ တောင်ဒဂုံက ကိုဉာဏ်လင်း ဟာလည်း မျက်စေ့ကိုက်နေပြီး ရန်ကုန်မှာ ခွဲစိတ်ကုသမှု ခံယူဖို့တင်ပြစောင့်ဆိုင်းနေတာ အတော်ကြာပြီ ဖြစ်ပေမယ့် အခုထိ မသိရသေးဘူးလို့ သိရပါတယ်။
အခုလထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိမ့်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မိသားစုဝင်တွေက မျှော်လင့်နေကြကြောင်းကိုလည်း ဘားအံထောင်မှာ ထောင်ဒဏ် နှစ် ၂၀ ကျနေတဲ့ ကိုနန္ဒစစ်အောင်ရဲ့ ဖခင်ဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဌေးက ပြောပါတယ်။
သားဖြစ်သူ ကိုနန္ဒစစ်အောင်နဲ့ အမှုတစ်တွဲတည်းဖြစ်တဲ့ အင်းစိန်ဆေးရုံ အချုပ်ခန်းမှာ အသည်းကင်ဆာနဲ့ ဆေးကုသမှု ခံယူနေရတဲ့ ကိုဇော်လင်းထွန်းလို နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး မြန်မြန် လွတ်စေချင်တယ်လို့ ဦးဌေးက ပြောဆိုပါတယ်။
ပြည်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုဝေဖြိုး နဲ့ ကိုဇာနည်ထွန်းတို့ကို ပုဒ်မတူနဲ့ ၂ ကြိမ်ခွဲပြီး တရားစွဲဆို ထားတာကို တစ်ခုတည်း ပေါင်းပေးဖို့ ဒီကနေ့ ရုံးထုတ် စစ်ဆေးစဉ်မှာ လျှောက်ထားခဲ့ကြောင်း သတင်းရရှိပါတယ်။
ကိုဇာနည်ထွန်းနဲ့ ကိုဖြိုးဝေအောင်တို့ ၂ ဦးကို ပြည်တရားရုံး နဲ့ သဲကုန်းတရားရုံးတို့မှာ ပုဒ်မတူတွေနဲ့ ၂ ကြိမ်ခွဲပြီး တရားစွဲဆို ထားတဲ့ အမှုတွဲတွေကို တစ်ခုတည်း ပေါင်းပေးဖို့လျှောက်ထားချက်ကို ပြည်တရားရုံးက လက်ခံခဲ့ကြောင်း ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်မြို့က HRDP ရှေ့နေ ဦးအေးမြင့်က ပြောပါတယ်။
ကိုဇာနည်ထွန်းနဲ့ ကိုဖြိုးဝေအောင်တို့၂ ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ပြည်မြို့မှာ နိုင်ငံရေး အကျဉ်းသား လွှွတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ကပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပုံနှိပ်ဥပဒေ နဲ့ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုတို့နဲ့ တရားစွဲဆို ထားပါတယ်။
ကိုဇာနည်ထွန်းဟာ ပြည်မြို့က ဖြစ်ပြီး ကိုဝေဖြိုးကတော့ အုတ်ဖိုမြို့က ဖြစ်ပါတယ်။ သူတို့၂ ဦးကို ပြည်ထောင်မှာ ချုပ်နှောင်ထားပါတယ်။