ပုဂံဒေသက နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းကျောင်းဆောင်တစ်ခု မီးလောင်ပျက်စီး

RFA Burmese
2024.09.22
ပုဂံဒေသက နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းကျောင်းဆောင်တစ်ခု မီးလောင်ပျက်စီး မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း မီးလောင်နေသည့် ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်ကို မီးငြှိမ်းသတ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိတဲ့ ငှက်ပစ်တောင်ရပ်ကွက် ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းက နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တစ်ခု စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မီးလောင်သတင်း ရရချင်းမှာ သွားရောက်မီးငြှိမ်းသတ်ခဲ့ပေမဲ့ နှစ်သက်တမ်း တစ်ရာကျော်ရှိပြီး ရေနံ၀နေတဲ့ သစ်သားကျောင်းဆောင်ကြီး ဖြစ်တာကြောင့် မီးကူးစက်မှုနှုန်း မြန်ဆန်လွန်ပြီး မီးငြှိမ်းသတ်သူတွေ ရောက်ရှိချိန်မှာပဲ ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ နေရာဟာ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ငှက်ပစ်တောင်ဘုရားအနီးက ဘုန်းကြီးကျောင်းလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညက ရုတ်တရက်ကြီး ထလောင်တာ၊ ၈ နာရီကျော်ကျော်လောက် ကျွန်တော်တို့ရပ်ကွက်ဘက်ကနေ မီးတောက်တွေ လှမ်းမြင်နေရတယ်။ လောင်တာက ငှက်ပစ်တောင်နားပေါ့နော်။ ခရီသွားတွေ လာလေ့ရှိတဲ့ ငှက်ရုပ်ကြီးရှိတဲ့ နေရာဘက်ပေါ့"

ပေ ၈၀၊ ပေ ၆၀ အကျယ်ရှိတဲ့ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုစာရင်း အသေးစိတ်ကိုတော့ မီးသတ်ဌာနက ထုတ်ပြန်လာတာ မရှိသေးပါဘူး။ ဒီမီးလောင်မှုကြောင့် လူ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာနဲ့ ရေဝင်ရောက်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှေဟောင်းစေတီ ပျက်စီးမှုတွေထဲမှာ ငှက်ပစ်တောင်အစုက ဓမ္မရံစေတီ ပစ္စယံအောက်ပိုင်း ပဲ့ကျတာနဲ့ ဘုရားအမှတ် (၁၈၂) က ရင်ပြင်အုတ်ခုံ ပဲ့ကျတာတွေလည်းဖြစ်ခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။