အမ်းမြို့ နပခ က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားလေးဦး ဖမ်းဆီးခံရ
2024.11.09
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ချင်းကာကွယ်ရေးတပ် - CDF အရှို တပ်ဖွဲ့က ဖမ်းမိတယ်လို့ CDF အရှို တာဝန်ရှိသူ ဆလိုင်းရိုချင်းက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့မှာ အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ (၃၇၃) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား သက်နိုင်နဲ့ သက်နိုင်ဦး တို့ကို ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာလည်း ခြေမြန်တပ်ရင်း ခမရ (၃၇၁) ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ရဲမွန်ဦးနဲ့ ကျော်မင်းဦးတို့ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား လေးဦးကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ဆလိုင်း ရိုချင်းက RFA ကို ပြောပါတယ်။
"လက်တလောတော့ စိတ်ပိုင်းဆိုင်ရာလည်း ပုံမှန်မဟုတ်ကြသေးတဲ့အတွက် ထိန်းသိမ်းမေးမြန်းရုံပဲ ရှိပါသေးတယ်ဗျ။ ဆက်လက် လုပ်ဆောင်ဖို့ကတော့ ဖြေကြားမှုတွေနဲ့ စုံစမ်းသိရှိရတဲ့ အခြေနေပေါ် မူတည်နေသေးတာမို့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးဗျ"
နိုဝင်ဘာလ ၈ ရက်မနေ့က အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီး ခြေမြန်တပ်ရင်း ခမရ (၃၇၁) တပ်ရင်းနဲ့ တပ်ထိန်းတပ်ထဲကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြု ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေးမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အမ်းမြို့နယ်မှာ နပခ ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်း တစ်ဆယ်ကျော်ရှိပြီး အဲဒီအထဲက ခမရ (၃၇၂) ၊ ခမရ (၃၇၃)၊ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ၊ တပ်ဆေးရုံ စတဲ့နေရာတွေကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။