အမ်းနဲ့ ဂွက ဒေသခံ ငါးထောင်နီးပါး အရေးပေါ် အကူအညီ လိုအပ်

RFA Burmese
2024.10.25
အမ်းနဲ့ ဂွက ဒေသခံ ငါးထောင်နီးပါး အရေးပေါ် အကူအညီ လိုအပ် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းမှ လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ အမ်းမြို့နယ်က တိုက်ပွဲဧရိယာအတွင်း ကျရောက်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံ ငါးထောင်နီးပါး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။

ဂွမြို့နယ်ထဲမှာ သံတွဲမြို့နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်နဲ့ ကြွေချိုင်၊ တိုင်ကျိုး၊ ဆပ်သွား စတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ သုံးထောင်ခန့် စားနပ်ရိက္ခာနဲ့ ကူညီစောင့်ရှောက်မှုတွေ လိုအပ်နေတာပါ။

အမ်းမြို့နယ်မှာတော့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ စုရပ်တွေကို မရောက်ဘဲ နီးစပ်ရာ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူ ငါးရာခန့်ရှိနေပြီး စာရင်းအပြည့်အစုံ မရသေးတာကြောင့် အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေဆဲနေရာတွေကို အကူအညီတွေ မရောက်နိုင်တာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဂွမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်ပြီးသားနေရာတွေကိုတော့ အကူညီတွေ ပေးနိုင်ကြတယ်။ ဒါပေမဲ့ တိုက်ပွဲမဖြစ်သေးတဲ့နေရာတွေနဲ့ ဖြစ်နေဆဲနေရာတွေကိုတော့ အကူအညီတွေက မရောက်နိုင်ဘူး၊ စားစရာမရှိတော့ဘူး"

ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေဟာ နေရာအနှံ့ ပြန့်ကြဲနေပြီး လုံခြုံမယ်ထင်ရတဲ့နေရာတွေမှာ ခိုလှုံနေကြတာပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ရှိနေတဲ့အတွက် ဘယ်နေရာမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ လူသိထင်ရှား ထုတ်ဖော်ပြောပြလို့ မရနိုင်တာကလည်း အကူအညီတွေရဖို့ အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ထဲမှာလည်း အရေးပေါ် အကူအညီလိုအပ်နေသူတွေ တိုးလာနေတယ်လို့ ကူညီပေးဖို့ ကြိုစားနေတဲ့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

"အမ်းမှာက စစ်ရှောင်စခန်းတွေ စုရပ်တွေမှာ မရောက်ဘဲ နီးစပ်ရာ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဝင်ပြီးခိုလှုံနေရတဲ့ မိသားစု ၁၆၀ (လူဦးရေ ၅၀၀ နီးပါး) လောက် ရှိတယ်။ စစ်ရှောင်စခန်းကို ရောက်တဲ့သူတွေကတော့ အကူအညီရဖို့ အခွင့်အလမ်းရှိပေမဲ့ ပြင်ပမှာ နီးစပ်ရာခိုလှုံရသူတွေက အကူအညီ ဘယ်ကမှ မရနိုင်သေးပါဘူး"

အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စုထဲက ဒိုင်ကြီး၊ ကျောက်စကွဲ၊ မီးလောင်ချောင်း၊ ရွာသာယာ၊ ဆူးပုတ်ကုန်း၊ ထမင်းထုတ်၊ ပျဉ်းတောကြီး ရွာတွေနဲ့ အမ်းတောင် အုပ်စုထဲက ပဲပဒုံ၊ ဇာတီမော်၊ စတဲ့ကျေးရွာတွေထဲက မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်သူ ဦးရေ နှစ်ဆယ်ကျော်ဟာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီလူဦးရေ အရေအတွက်ဟာ ဆက်သွယ်ရေး အခက်အခဲကြောင့် လက်လှမ်းမီသလောက်ဖြစ်ပေမဲ့ ဒီထက်မက ပိုနိုင်တယ်လို့လည်း စာရင်းပြုစုနေတဲ့ လူငယ်တွေက ပြောပါတယ်။

အမ်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အာရက္ခတပ်တော် (AA) က မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဂွမြို့နယ်မှာတော့ တိုင်ကျိုးရွာအနီးမှာ ဒီမနက်မှာ ပစ်ခတ်သံတချို့ ကြားရပြီး တိုက်ပွဲဖြစ်ရာနေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထောက်လှမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။