အမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေ

RFA Burmese
2024.10.28
အမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းမှ လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ရဲ့ ထွက်ပေါက်တွေအားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေဟာလည်း တဖြည်းဖြည်းနဲ့ မြို့အနီးကို ရောက်လာတာကြောင့် မြို့ခံတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ အမ်းမြို့မှာရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုတော့ ဘယ်မှလည်း သွားလို့မရတော့ဘူး။ အကုန်လုံး ပိတ်ထားတယ်လေ။ တိုက်ပွဲကလည်း အတော်လေးကို ပြင်းထန်နေတယ်။ မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ နေ့ရော ညရော ဖြစ်နေတာ။ လေယာဥ်တွေနဲ့လည်း ဗုံးလာကြဲတယ်။ မီးခိုးတွေ ထွက်နေတာကို မြို့က နေတောင် လှမ်းမြင်ရတယ်။ တိုက်ပွဲကလည်း မြို့နဲ့ နီးလာပြီဆိုတော့ ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့”

တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတော့ စစ်ကောင်စီရဲ့ ထောက်ခံစာနဲ့ ပဒါန်း၊ မင်းဘူး၊ ရန်ကုန်ဘက်တွေကို သွားလာခွင့်ပြုခဲ့ပေမဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကစလို့ သွားလာခွင့်အားလုံးကို ပိတ်ထားတာလို့ ဆိုပါတယ်။

အမ်းမြို့ပေါ်မှာ လူဦးရေ တစ်သောင်းခန့်ရှိပြီး အများစုကတော့ တိုက်ပွဲပြင်းထန်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။

မြို့ပေါ်မှာကျန်ခဲ့သူ အများစုဟာ ငွေကြေးခက်ခဲတဲ့ မိသားစုတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သား အရေအတွက်နဲ့ပတ်သက်လို့ အတိအကျမသိရသေးပါဘူး။ ဒေသခံတွေက ပိတ်မိနေသူ တစ်ထောင်ထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

မြို့ပေါ်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေလည်း ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အမ်းအခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာတော့ တိုက်ပွဲဟာ မြို့နဲ တစ်မိုင်ခန့်သာ ကွာဝေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။