ANP ပါတီဥက္ကဋ္ဌအဖြစ် ဒေါက် တာ အေးမောင် ဖြစ်လာ


2014.09.30
dr-aye-maung-b305 ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
RFA

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေးပါတီ RNDP တို့ပူးပေါင်းအပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်ကို ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ၅ ရက်ကြာကျင်းပခဲ့တဲ့ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၃၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုး တိုးတက်ရေး ပါတီဘက်က အများဆုံး ရွေးချယ်ခံရတယ်လို့ ညီလာခံကျင်းပရေးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြော ပါတယ်။

"စာရင်းကတော့ ၃၉ ဦးရွေးပါတယ်၊ အဲ့ဒီ ၃၉ ဦးမှာ အများစုကတော့  RNDP အဖွဲ့ကပဲ ပါတာပေါ့နော်၊  ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တွေရွေးတဲ့အခါမှာလည်း RNDP အုပ်စုဘက်ကပဲအများဆုံး ပါပါတယ်၊ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ဟန်ချက်မညီတဲ့ အုပ်စုနှစ်အုပ်စုကြားထဲမှာ ဖြစ်ပေါ်လာတဲ့ရလာဒ်လို့ပဲ ကျနော်တို့ သဘောပေါက် ပါတယ်၊ ဒါပေမဲ့ ဒီဟာက နည်းတာများတာနဲ့မဆိုင်ဘူး၊ ကျနော်တို့ အမျိုးသားသွေးစည်းညီညွတ်ရေးကို တဖြည်းဖြည်း၊ တဖြည်းဖြည်း ဒီပါတီ ကျစ်လစ်ခိုင်မာရေးအတွက် လုပ်သွားလိမ့်မယ်လို့ပဲ ကျနော်ထင်ပါတယ်"

ရခိုင်အမျိုးသားပါတီ ဥက္ကဌအဖြစ် ဒေါက်တာအေးမောင်၊ ဒုတိယဥက္ကဌအဖြစ် ဦးဖိုးမင်းနဲ့ ဒေါ်အေးနုစိန်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ အတွင်းရေးမှူးတွေအဖြစ် ဦးသာထွန်းလှ၊ ဦးအောင်ဝင်းနဲ့ ဦးကျော်ဇောဦးတို့ ခန့်အပ်ခံရတယ်လို့ သိရပါတယ်။ သူတို့တွေဟာ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP က ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်ဟာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် သာ ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ညီလာခံကျင်းပရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။