ပုသိမ်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ သုံးဦး အဖမ်းခံရ

ပုသိမ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူ နှစ်ဦးကို အရပ်ဝတ်တွေက လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ ပုသိမ်မှာ ဒီနေ့ထိ စုစုပေါင်း ဖမ်းဆီးခံရသူ ၃ ယောက်ရှိနေပါပြီ။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေထဲက နှစ်ဦးကို အရပ်ဝတ်လူတွေ က မနေ့က နေ့လည်ပိုင်းကစပြီး ကားတွေနဲ့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြ နေတဲ့ ငါးရက်မြောက်နေ့ မနက် ၃နာရီခွဲ အချိန်မှာ ပုသိမ်မြို့ တဖက်ကမ်းမှာနေထိုင်တဲ့ အလွတ်သတင်းထောက် မရွှေရည်ဝင်းကို စစ်တပ်နဲ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခဲ့တာကြောင့် အခုဆိုရင် ပုသိမ်မှာ အဖမ်းဆီးခံရသူ သုံးယောက် ရှိပြီဖြစ်ပါတယ်။

မနေ့က နေ့လည်ပိုင်း ဆန္ဒပြပွဲကအပြန်မှာ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသိန်းစိုးဦး ခေါ် ကိုမင်းသားကြီးကို ကွမ်းယာ ဝင်ဝယ်နေတုန်းမှာ အရပ်ဝတ်လူလေးဦး က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်း က ပြောပါတယ်။

"သူက ဆိုင်ကယ်နဲ့ ကွမ်းယာဆိုင်ရှေ့မှာ ကွမ်းယာဝယ်ဖို့ ရပ်လိုက်တယ်။ နောက်က ကားက တစ်ခါတည်း သူနဲ့ ကပ်ပါလာတာလို့ ပြောတယ်။ သူလည်း ဆိုင်ကယ်ရပ်၊ နောက်က ကားကလည်း ရပ်၊ သူ ဆိုင်ကယ်ပေါ် က မဆင်းရသေးဘူး။ အဲ့ဒီအချိန်မှာပဲ လူလေးယောက်က ဆင်းလာပြီးတော့ လက်ကို နောက်ပြန်ပြန်ပြီး လက်ထိပ်ခတ်သွားတယ်။ သူက ပြန်ပြောတယ်။ ကျနော့်ကို လက်ထိပ် မခတ်နဲ့ပေါ့။ ကျနော်အေးအေးဆေး ဆေး အဖမ်းခံမယ်လို့၊ ဒါပေမယ့် လက်ထိပ်ခတ်ပြီးတော့ ဖမ်းသွားတယ်။”

ဦးသိန်းစိုးဦး အဖမ်းခံရတာကို သူ့ရဲ့ ဆိုင်ကယ်နဲ့ ပစ္စည်းတချို့ကို လူတစ်ယောက်က အိမ်ကိုလာပို့မှ မိသားစုက သိရတာဖြစ်တယ်လို့လည်း မစန္ဒာဝင်း က ပြောပါတယ်။

အဖမ်းဆီးခံရသူ ဦးသိန်းစိုးဦးရဲ့ ဖခင် ဦးလှသိန်းဟာ ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦး ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နုတ်ထွက်ထားသူ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာကို အသိပေးစေချင်တယ်လို့ အဖမ်းဆီးခံရသူ ဦးသိန်းစိုးဦးရဲ့ ဖခင်ဖြစ်သူ ဦး လှသိန်း က ပြောပါတယ်။

“အခု ဖမ်းဆီးသွားတာက ဘယ်ကို ဖမ်းဆီးသွားတယ်။ ဘာအကြောင်းကြောင့် ဖမ်းဆီးသွားတယ်။ ဘယ်လိုအမိန့်နဲ့ ဖမ်းဆီးတယ်။ ဘယ်သူက ဖမ်းဆီးခိုင်းတယ်။ ဘယ်လို ပြစ်မှု မြောက်တယ်ဆိုတာ ကျနော်တို့ သိချင်ပါတယ်။ အဲ့ဒါလေးကို အချိန်မီ မိသားစုတွေက အင်မတန်ပူပန်နေတဲ့ အတွက် ဒါလေးကိုတော့ ကျွန်တော်တို့ ကို ပြန်ပြီးတော့ အသိပေးပါလို့ တောင်းဆိုပါတယ်"

ညနေပိုင်းမှာတော့ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်လှမိုး ခေါ် ကိုချက်ကို အရပ်ဝတ်နဲ့ လူတွေက သူရဲ့ အိမ်ရှေ့က လက်ဖက်ရည်ဆိုင်နားမှာ ကားနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဦးကျော်လှမိုးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပြီး ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့် ရဲ့ သားမက်ဖြစ်ပါတယ်။ ဦးကျော်လှမိုးကို ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘူး လို့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်လုံမငြိမ်းချမ်း က ပြောပါတယ်။

“မြန်တယ် ခနလေးအတွင်းပဲ၊ လူကို ညှပ်ခေါ်ပြီး ကားထဲကို ထိုးပြီး ဝုန်းခနဲ မောင်းထွက်သွားလိုက်တာ ဘာမှန်းမသိလိုက်တော့ဘူး။ နောက်က ဆိုင်ကယ်နဲ့ နှစ်ယောက်က လိုက် လဲ လိုက်ရော၊ မမှီဘူး။ ကားကို ဘယ်လိုမောင်းသွားမှန်းကို မသိလိုက်ဘူး။ လောလောဆယ်တော့ အခုလိုက်နေတယ်။ ခနလေးအတွင်းမှာ ဆိုတော့လည်းလေ။ အခုလိုက်နေတဲ့ လူတွေ က Confirm မဖြစ်သေးဘူး။ ပြန်ပြီးတော့ ထောင်ကြီးထဲကို ခေါ်သွားတယ်လို့ ပြောသံကြားတယ်။ ဒါပေမယ့် ကြားရုံပဲ ရှိသေးတယ် မသိသေးဘူး"

ဆန္ဒပြသူ နှစ်ဦးဖမ်းဆီးခံရတဲ့ အခြေအနေကို ရဲတပ်ဖွဲ့ အနေနဲ့ မသိရှိဘူးလို့ ပုသိမ်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင် က RFA ကို ပြောပါတယ်။

“အဲ့ဒီ အခြေအနေလေးက ကျွန်တော် မသိလိုက်ပါဘူး။ ကျွန်တော်တို့လည်း လမ်းကြောင်းမှာ တာဝန်ထမ်းဆောင်နေတာပါ“

ပုသိမ်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လူဦးရေ သိန်းနဲ့ချီ ပါဝင်ပြီး ဆန္ဒပြနေတာ ခြောက်ရက် ရှိနေပြီဖြစ်ပါတယ်။

မနေ့က ဖမ်းဆီးခံရသူနှစ်ဦးကို ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာလို့ ဒေသခံတွေက ညနေ ခြောက်နာရီလောက်မှာ ထောင်ရှေ့မှာ ထိုင်သပိတ် သွားရောက်ဆင်နွှဲခဲ့ပါတယ်။ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ညှိနှိုင်းခဲ့ပြီး ထောင်ထဲမှာ ရှိတာ မသေချာဘူးလို့ ယူဆခဲ့တာကြောင့် ည ၇ နာရီလောက်မှာ လူစုခွဲခဲ့ကြပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၃ ဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေ က မသိရှိရသေးပါဘူး။