အီရန်စစ်ပွဲကြောင့် မြန်မာလူသားချင်းစာနာမှုပြဿနာ ပိုကြီးမားခက်ခဲလာကြောင်း ကုလပြော

လူဦးရေ ၅၈ သိန်း ကိုယ့်အိုးကိုယ့်အိမ်မှာ မနေနိုင်ဘဲ စစ်မက်ဘေးကြောင့် ထွက်ပြေးနေရပြီး လူပေါင်း ၃၈ သိန်းဟာတဲ့ ပြည်တွင်းဒုက္ခသည် (IDP) တွေအဖြစ်နှစ်ရှည်လများနေထိုင်နေကြရ။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် နဂိုကတည်းက အဖြတ်အတောက် ခံထားရတဲ့ မြန်မာနဲ့ အာရှဒေသက လူသားချင်းစာနာမှု အကူအညီနဲ့ အထောက်အပံ့တွေနဲ့ ပိုဝေးသွားစေပြီး အကူအညီလိုနေသူတွေအပေါ် ပိုပြီး ကြီးမားခက်ခဲလာနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်တဲ့ အခြေအနေပြ အစီအရင်ခံစာမှာ အခုလို ပြောလိုက်တာဖြစ်ပြီး ဖြစ်ပွားနေဆဲ လက်နက်ကိုင်တိုက်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ခွဲခြား ကန့်သတ် ဆက်ဆံ ခံရတာတွေနဲ့ ၂၀၂၅ ငလျင်ကြီးဘေးကြီးကနေ အခုထိ ရုန်းမထွက်နိုင်ကြသေးတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ မရှိမဖြစ်လိုအပ်သေးတယ်လို့လည်းဆိုပါတယ်။

၂၀၂၆ မေလကုန်အထိ မြန်မာနိုင်ငံက လူဦးရေ ၅.၈ သန်း (၅၈ သိန်း) ဟာ ကိုယ့်အိုးကိုယ့်အိမ်မှာ မနေနိုင်ဘဲ စစ်မက်ဘေးကြောင့် ထွက်ပြေးနေရပြီး လူပေါင်း ၃.၈ သန်း (၃၈ သိန်း)ဟာတဲ့ ပြည်တွင်းဒုက္ခသည် (IDP) တွေအဖြစ် ရှိနေပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတဲ့အတွက် နဂိုက လောက်လောက်ငင မရခဲ့တဲ့ အကူအညီနဲ့အကာအကွယ်တွေကို မျှပြီး ခွဲဝေကူညီနေရတယ်လို့လည်း ဆိုပါတယ်။

ဒီအစီအရင်ခံစာဖော်ပြချက်အရ ပြည်တွင်းဒုက္ခသည်အများဆုံးရှိတဲ့ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေဖြစ်ပြီး အကူအညီ အလိုအပ်ဆုံးလည်းဖြစ်နေပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကူညီကယ်ဆယ်ရေးလုပ်နေရတဲ့အဖွဲ့အစည်းတွေဟာလည်း လုပ်ငန်းလည်ပတ်ဖို့နဲ့ ဝင်ရောက်ကူညီခွင့်ရဖို့အတွက် အကန့်အသတ်တွေကို ဆက်ပြီး ရင်ဆိုင်နေရတယ်လို့လည်း ဖော်ပြထားပါတဘ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) မြန်မာပြည်ကို ရောက်ရှိလာခဲ့ပြီး ရာထူးသက်တမ်း ကုန်ဆုံးသွားပြီးဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ နေရာအတွက် ကိုယ်စားလှယ်အသစ် လည်း လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မစ္စဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံအခြေအနေတွေဟာ မကောင်းတဲ့ဘက်ကနေ စံချိန်သစ်တင်နေကြောင်း ဇွန်လ ၁၉ ရက်နေ့က ကုလသမဂ္ဂရုံးချုပ်မှာ တင်ပြအစီအရင်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထား ရသူတွေကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး တိုက်တွန်းခဲ့ပါတယ်။