မြန်မာပြည်သူတွေကို ကူညီဖို့ ပျက်ကွက်တာကို လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ဝေဖန်

အထူးသဖြင့် မြန်မာစစ်ရာဇဝတ်မှုတွေကို ICC ကို လွှဲဖို့ ကုလလုံခြုံရေးကောင်စီ ပျက်ကွက်တာကို ပြင်းပြင်းထန်ထန် ဝေဖန်။

မြန်မာနိုင်ငံမှာ စစ်တပ်က ပြစ်ဒဏ်တစုံတရာ မခံရဘဲ စစ်ရာဇဝတ်မှုတွေ စဥ်ဆက်မပြတ် ချိုးဖောက် နေတာကို အရေးယူပေးဖို့ ပျက်ကွက်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews) က ဝေဖန်ရှုံ့ချလိုက်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ နောက်ဆုံးအစီအရင်ခံစာဖြစ်တဲ့ “ပြစ်ဒဏ်ကင်းလွတ်ခွင့်ကနေ တရားမျှတမှုဆီသို့ “လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ From Impunity to Justice အစီအရင်ခံမှာ အခုလို ပြောလိုက်တာ ဖြစ်ပြီး “နိုင်ငံတကာအသိုင်းအဝိုင်းဟာ တရားမျှတမှုနဲ့ တာဝန်ခံမှု တောင်းဆို နေတဲ့ မြန်မာပြည်သူတွေ အပေါ် အကူအညီပေးတာ နည်းလွန်းပြီး မြန်မာပြည်သူတွေ အတွက် တရားမျှတမှု ဆိုင်းငံ့ခံရတာဟာ ငြင်းဆိုခံရတာနဲ့ အတူတူပါပဲ”လို့လည်း ပြောပါတယ်။

နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေက စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အထောက်အထားတွေကို ဖောဖောသီသီ ရှာဖွေဖော်ထုတ်၊ တင်ပြတောင်းဆိုနေလင့်ကစား စစ်တပ်အရာရှိတစ်ဦးတစ်ယောက်မှ တရားဥပဒေအရ တရားစွဲဆိုနိုင်ခြင်းမရှိသေးတာကိုလည်း ထောက်ပြထားပါတယ်။ ဒီစစ်ရာဇတ်မှုတွေထဲမှာ အရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်နေတာ၊ လူနည်းစုတိုင်းရင်းသားတွေကို ဖိနှိပ်သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာတွေပါဝင်ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံးတွေနဲ့ အပြည်ပြည်ဆိုင်ရာတရားဥပဒေအရ နိုင်ငံတချို့မှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ခဲ့တဲ့ အမှုတချို့ရှိလာတဲ့အတွက် တရားမျှတရေးအတွက် “မျှော်လင့်ချက်မှိန်မှန်” ရှိလာပေမယ့် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို စစ်ရာဇဝတ်မှုကျူးလွန်တာကို အကာအကွယ်ပေးနေတဲ့ စနစ်ဆိုးကို ချိုးဖျက်ဖို့အတွက်တော့ လမ်းကြောင်းက သေးသိမ်၊ ကျဥ်းမြောင်းနေပါသေးတယ်လို့လည်း သူက သတိပေးထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ကို လွှဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပျက်ကွက်တာကို သူက ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြ ထားပါတယ်။

၂၀၂၀ ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာအင်ဒရူးစ်ဟာ သူ့ရဲ့နောက်ဆုံးအစီအရင်ခံစာကို ၂၀၂၆ ဧပြီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လကလည်း မြန်မာ့အရေး နိုင်ငံတကာက လျစ်လျူရှုမထားဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။

သူ့နေရာမှာ အမေရိကန် လူ့အခွင့်အရေးရှေ့နေ ကယ်လီ ကာရီ (Kelly Currie) ကို ၆၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီလဆန်းက အတည်ပြုခန့်အပ်ထားပါတယ်။ ‌