ချောက်မှာ စစ်ကြောင်းထိုး မီးရှို့တာကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ

နေအိမ် ရာနဲ့ချီ မီးရှို့ခံရပြီး ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရ။

မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဇူလိုင်လ ၅ ရက်နေ့အထိ လူ တစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ရှောင်တိမ်းနေရတာ ဆယ်ရက်လောက် ရှိလာပြီဖြစ်တာကြောင့် စားနပ်ရိက္ခာပြတ်တောက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောက်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရှောင်နေရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာက ပြတ်သလို ဖြစ်နေတာပါရှင့်။ မိုးဖွဲကျရင် မိုးလုံပေမဲ့ မိုးအရမ်းရွာရင် နေစရာ အခက်အခဲ ဖြစ်တာမို့ မိုးရွာမှာတောင် ကြောက်နေရပါတယ်။ ဒီကြားက လေယာဉ်ကလည်း မကြာခဏဝဲ ရှောင်တဲ့နေရာ စစ်ကြောင်း ရောက်လာမလား ဆိုပြီး စိုးရိမ်သောကနဲ့ နေနေကြရတယ်။ အဓိက အခက်အခဲက ပါသွားတဲ့ စားနပ်ရိက္ခာ က ကုန်သလောက် ဖြစ်နေတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတာ ရွာထဲက အချင်းချင်းကပဲ ဝေမျှစားနေရကြတာပါ”

ဆူးတော၊ ညောင်ဇင်၊ လေပင်ကုန်း၊ ရွာမ၊ ညောင်ချောင်း စတဲ့ ရွာတွေက နေအိမ် ရာနဲ့ချီ မီးရှို့ခံရပြီး အဲဒီရွာတွေ အပါအဝင် ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက ချောက်မြို့နယ်ထဲကို ဝင်လာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ လက်ရှိအချိန်အထိ ရွာတွေကို ပတ်ပြီး စစ်ကြောင်း ထိုးနေသလို တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်အသွင်ပြောင်းအစိုးရက တစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချင်းနဲ့ ရခိုင်ပြည်နယ်ကို ထိစပ်နေတဲ့ မကွေးတိုင်းထဲက အဓိကလမ်းကြောင်းတွေကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် စစ်ရေးပြင်းထန်နေပြီး ဒုက္ခသည် တစ်သိန်းကျော် အကူအညီ လိုနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒသမ ၇ သန်းကျော်ရှိပြီး မကွေးတိုင်းထဲမှာ နှစ်သိန်းရှစ်သောင်း(၂၈၀,၀၀၀) ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။