စစ်မှုထမ်းဥပဒေနဲ့ ကလေးတစ်ရာကျော်ကို စစ်သားစုဆောင်းခဲ့ကြောင်း စစ်တပ်ဝန်ခံ

အဲဒီကလေးငယ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကတဆင့် မိဘထံပြန်အပ်ပြီးပြီဟုဆို။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကနေ (၂၄) အတွင်း အသက်မပြည့်သေးတဲ့ ကလေး ၁၁၃ ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေက မှားယွင်း ဆင့်ခေါ်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ဇူလိုင် ၂ ရက်နေ့က ပြောလိုက်ပါတယ်။

အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို စစ်မှုထမ်းခြင်းကနေ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးမှာ အဲဒီလို ပြောလိုက်တာပါ။ အဲဒီကလေးငယ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကတဆင့် မိဘထံပြန်အပ်ပြီးပြီလို့ဆိုပါတယ်။

လက်ရှိမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ ကလေး ရာဂဏန်းလောက်ကို ပြန်လွှတ်ပေးပေမဲ့ အဲဒီအရေအတွက်ဟာ အမှန်တကယ် စုဆောင်းခံရတဲ့ ကလေးအားလုံးကို ကိုယ်စားမပြုနိုင်ဘူးလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) က သုတေသန တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုး RFA ကိုပြောပါတယ်။

“စစ်တပ်မှာ သူတို့ သက်သေပြဖို့အတွက် ဒီလိုမျိုး အပြ လုပ်ရပ်တွေ လုပ်ဆောင်လေ့ရှိတယ်။ အသက်ငယ်တဲ့သူတွေ မပါဘူး ပါလာရင်လည် သူတို့ စစ်ဆေးပြီးတော့ ပြန်လွှတ်တယ်ဆိုတာကို အလီဘိုင်ပြဖို့ စတိလုပ်ရပ်လေးတွေ ဖော်ဆောင်လေ့ရှိတယ်။ ဒါက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ တကယ်တော့ စစ်မှုထမ်း အပတ်စဉ်တိုင်းမှာ အသက်မပြည့်သေးသူတွေ များစွာပါဝင်နေတယ်ဆိုတာ ကြားသိရတယ်။ အလင်းဝင်၊ ထွက်ပြေး လွတ်မြောက်လာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို မေးမြန်းချက်တွေအရလည်း သူတို့အပတ်စဉ်တိုင်းမှာ သူတို့ ဒါတွေကို တွေ့မြင်ခဲ့ရတာတွေ ရှိတယ်။ သူ့တို့ အရေအတွက် အင်အားပြည့်မီဖို့အတွက် ငယ်ရွယ်တဲ့သူတွေကို စုဆောင်းပြီး မှတ်ပုံတင်မှာ အသက်လိမ်လည်ပြီးတော့ အသက်ပြည့်မီကြောင်း မှတ်ပုံတင်စာရွက်စာတမ်းတွေကို အတုပြုလုပ်ပြီးတော့ သင်တန်းကျောင်းတွေကို ပို့ဆောင်လေ့ကျင့်နေတဲ့ အခြေအနေတွေက စစ်တပ်ထဲမှာ တကယ်ပဲရှိနေတယ်။ အဲဒီတော့ ဒီ ၁၁၃ ဦးဟာ အမှန်တကယ် စုဆောင်းခံရတဲ့ ကလေးသူငယ်အားလုံးကို ကိုယ်စားမပြုနိုင်ဘူး”

အာဏာသိမ်းကာလ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က အသက်သွင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း အဓမ္မစစ်သားစုဆောင်းတာတွေရှိခဲ့သလို အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ၊ မိသားစုဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုတစ်နှစ်ထဲမှာပဲ တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ MDSI က ဇွန်လ ၁၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေအရ မြန်မာစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ ကလေးသူငယ်တွေကို တိုက်ခိုက်ရေးမှာ ပါဝင်စေတာ၊ ကင်းစောင့်ခိုင်းတာ၊ သတင်းပို့ခိုင်းတာနဲ့ ပစ္စည်းသယ်ယူခိုင်းတာ စတဲ့ စစ်ရေးတာဝန်တွေအတွက် စုဆောင်းအသုံးပြုနေတာတွေ ဆက်ရှိနေပြီး ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ပြင်းထန်တဲ့ချိုးဖောက်မှုတွေကလည်း မြင့်မားနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။