မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီအုပ်ချုပ်မှုဆီ ပြန်သွားဖို့ စစ်ခေါင်းဆောင်တွေကို ဖိအားပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ကျင်းပတဲ့ အရှေ့အာရှညီလာခံမှာ သူက ပြောလိုက်တာပါ။ မြန်မာ စစ်တပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က အာဆီယံနဲ့ ရထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ သောကြာနေ့ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံထိပ်သီးညီလာခံအပြီး ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် မှာလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံအတွင်း ဘက်ပေါင်းစုံက အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး အာဆီယံငြိမ်းချမ်းရေးဘုံသဘောတူညီချက် ငါးရပ်က တွေ့ဆုံညှိနှိုင်းဖို့အတွက် အခြေခံအဖြစ် ဆက်လည်တည်ရှိနေကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။