စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းဖို့ APHR တောင်းဆို
2025.01.25
စစ်ကောင်စီရဲ့ အသစ်ပြင်ဆင်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေ့ရဲ့ အခြေခံလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ဒီဥပဒေဟာ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းဖို့၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့ကက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လာမယ့်သီတင်းပတ်မှာ စတင်အသက်ဝင်မယ်လို့ မျှော်လင့်ရတဲ့ ဒီဥပဒေဟာ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်ကို အာဏာကျယ်ကျယ်ပြန့်ပြန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီဥပဒေရဲ့ရည်ရွယ်ချက်က စစ်အစိုးရက သူ့ကိုဆန့်ကျင်သူမှန်သမျှ ချေမှုန်းပြီး သူ့ရဲ့အာဏာချုပ်ကိုင်မှုကို ခိုင်မာအောင်လုပ်ဆောင်ဖို့ဖြစ်တယ်လို့ APHR ရဲ့ ပူးတွဲဥက္ကဋ္ဌ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောပါတယ်။
APHR ပူးတွဲဥက္ကဋ္ဌနဲ့ မလေးရှားပါလီမန်အမတ်ဟောင်းဖြစ်တဲ့ Charles Santiago ကလည်း ဒီဥပဒေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်ရုံသာမက တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်စေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာမခံချက်တွေကို ချိုးဖောက်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ချိုးဖောက်နေပါတယ်၊ ဒါဟာ စစ်အစိုးရရဲ့ အလွဲသုံးစားမှု ပိုပြီးကြီးထွားလာအောင် ဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။
ဒီအဆိုပြုထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းရမယ်လို့ APHR အဖွဲ့ဝင်တွေဖြစ်တဲ့ ဖိလစ်ပိုင်အောက်လွှတ်တော်အမတ် Arlene D. Brosas နဲ့ ထိုင်းလွှတ်တော်အမတ် Rangsiman Rome တို့ကလည်း ကြေညာလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ ဒီဥပဒေကို စည်းလုံးညီညွတ်စွာတုံ့ပြန်ဖို့နဲ့ မြန်မာစစ်အစိုးရကို သံတမန်နည်းအရ ဖိအားပေး အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ဖို့လည်း APHR က တောင်းဆိုလိုက်ပါတယ်။