၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာဟာ မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးဖြစ်ပြီး တစ်နှစ်ကြာတဲ့အထိ တရားမျှတမှု မရသေးဘူးလို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဇူလိုင် ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ သေဒဏ်ပေး ကွပ်မျက်ခဲ့တာ တစ်နှစ်ပြည့်ကာနီးချိန်မှာ APHR က အခုလိုထုတ်ပြန်ခဲ့တာပါ။
“စစ်တပ်က လူအများအပြားကို သေဒဏ်အမိန့်တွေ ဆက်ပြီးချမှတ်နေတာဟာ ဥပဒေကို လျစ်လျူရှုနေတယ်ဆိုတဲ့ သက်သေတွေဖြစ်တယ်။ လွတ်လပ်ပြီး တရား မျှတမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာမှုမရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အာဆီယံအနေနဲ့ သက်သေယူထားသင့်တယ်၊ တစ်နှစ် ကြာလာချိန်အထိ ကွပ်မျက်ခံရသူတွေရဲ့ မိသားစုဝင်တွေ တရားမျှတမှုမရကြသေးဘူး” လို့ APHR ဥက္ကဋ္ဌ Mercy Barends က ပြောပါတယ်။
ကိုဂျင်မီတို့ လေးဦးကို ဘယ်နေ့က ကွပ်မျက်ခဲ့တယ်ဆိုတာ စစ်ကောင်စီက အတိအကျ ထုတ်ပြန်ထားတာမရှိဘဲ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၄ ရက်နေ့မှာမှ ပြစ်ဒဏ်စီရင်ပြီးကြောင်း သတင်းစာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။
APHR က စစ်တပ်ရဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC, ICJ တို့ မှာ အရေးယူအပြစ်ပေးနိုင်အောင် ခိုင်မာတဲ့အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ အာဆီယံနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို ပျက်ရယ်ပြုနေတဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်တပ် အနေနဲ့ တာဝန်ခံရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်နေသူတွေကို ဖမ်းဆီးတာ၊ ညှဉ်းပန်းသတ်ဖြတ် တာတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံအခြေအနေဟာ မတည်ငြိမ်သေးဘူးလို့လည်း ဖော်ပြ ထားပါတယ်။ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ပါရှိပါတယ်။