ဈေးနှုန်းမြှင့်မယ့် ဖုန်းအော်ပရေတာတွေကို AREA 21 Revolution Network က သတိပေး

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်သုံးစွဲခနှုန်းထားတွေ တိုးမြှင့်သတ်မှတ်မယ်ဆိုရင် ဖုန်းအော်ပရေတာတွေကို စစ်ကောင်စီရဲ့ လက်ပါးစေတွေအဖြစ် သတ်မှတ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးမယ်လို့ AREA 21 Revolution Network က ဒီဇင်ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဖုန်းပြောဆိုခနဲ့ အင်တာနက်နှုန်းထားတွေ ဈေးမြှင့်သတ်မှတ်မယ်လို့ အော်ပရေတာ ကုမ္ပဏီတွေက အသိပေးလာတဲ့အတွက် ပြည်သူ့မျက်နှာကိုကြည့်ဖို့ ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင် ရွက်ဖို့၊ အချိန်မီပြန်လည်သုံးသပ်ဖို့နဲ့ စစ်ကောင်စီခိုင်းသမျှ လုပ်ကိုင်နေရင် Mytel တာဝါတိုင်တွေလို ပြတ်သားစွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖုန်းအော်ပရေတာတွေကို အခုလို သတိပေးတာက AREA 21 Revolution Network အဖွဲ့အနေနဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Area 21 Revolution Netwok အဖွဲ့ဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ စုစည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွန်ကြားချက်အရ ဖုန်းခေါ်ဆိုခတွေနဲ့ အင်တာနက် သုံးစွဲခတွေ မကြာခင်ပြောင်းလဲသွားမယ်ဆိုပြီး အော်ရီဒူး၊ တယ်လီနောနဲ့ အမ်ပီတီ ဆက်သွယ်ရေး ကုမ္ပဏီ တွေက ဒီဇင်ဘာ ၃ ရက်နေ့က စတင်ပြီး အသုံးပြုသူတွေထံ အကြောင်းကြားနေပါတယ်။

ဝိုင်ဖိုင်အင်တာနက် ကုမ္ပဏီတွေကလည်း ဒီလကစပြီး ဈေးနှုန်းတွေ တိုးမြင့်သတ်မှတ်မယ့်အကြာင်း သုံးစွဲသူတွေထံ အသိပေးနေတယ်လို့ ဝိုင်ဖိုင်သုံးစွဲသူတွေက ပြောပါတယ်။

ဈေးနှုန်းပမာဏ ဘယ်လောက်တိုးမြှင့်မလဲဆိုတာတွေကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။