လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် ငါးလအတွင်း အရပ်သား ၈၀၀ နီးပါး သေဆုံး

၂၀၂၃ ခုနှစ်ရဲ့ ပထမငါးလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၇၄၈ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဇွန်လ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ငါးလအတွင်း သေဆုံးခဲ့တဲ့ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ သေဆုံးခဲ့တဲ့ ပမာဏထက် ၆၀ ရာခိုင် နှုန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခံရတာကြောင့် အရပ်သားတွေ သေဆုံးနေတာလို့ ပြောပါတယ်။

"စစ်ကောင်စီ စစ်ကြောင်းတွေက ဝင်လာပြီဆိုရင် ဘီလူး၊ သရဲစီးသလိုပဲ။ အရပ်သားကိုလည်း ရန်သူလိုပဲ သတ်မှတ်တယ်။ ဖမ်းတယ်၊ ဆီးတယ်၊ နှိပ်စက်တယ်၊ သတ်ပစ်တယ်။ သူတို့လက်ထဲ ရောက်သွားတဲ့ အရပ်သား ဟာ ပြန်လွတ်တယ်ဆိုတာ ထုံးစံမရှိဘူး။ နောက်ဆုံး မပြေးနိုင်လို့ အိမ်မှာကျန်နေခဲ့တဲ့ အသက် ၉၀ ကျော်အရွယ် အဘိုးကြီး၊ အဘွားကြီးတွေကိုပါ အိမ်နဲ့ မီးတင်ရှို့ ခဲ့တာပါ။ အဲဒီလောက်အထိ ရက်စက်ပါတယ်"

ရေဦးမြို့နယ်ထဲမှာ တပ်မ - ၃၃ လက်အောက်ခံ စစ်ကြောင်းဟာ တစ်ရွာဝင် တစ်ရွာထွက် စီးနင်းဝင်ရောက် နေသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ သူတို့အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်အောင်မလုပ်ဘူးလို့ ပြောဆိုထားပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း အရပ်သား ၈၆၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီအထဲမှာ တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေခဲ့ရသူက ၂၄၅၄ ဦးထက်မနည်း ရှိနေတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ အရပ်သား ၁၂၀၈ ဦးထက် မနည်း ပထမအများဆုံး သေဆုံးခဲ့သလို၊ မကွေးတိုင်းမှာတော့ ၂၀၈ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။