ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်သားတွေကို ချီးကျူးစကားအပေါ် မတူညီသောအမြင်များ

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အသက်စွန့်ကာကွယ်နေတဲ့ တပ်မတော်သားတွေအပေါ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီကျူးစကားဟာ၊ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ၊ အန္တရယ်ကြီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဝေဖန်လိုက်ပါတယ်။

AA အဖွဲ့ရဲ့ ဖမ်းဆီးမှုကို သုံးလကျော်ကြာခံခဲ့ရတဲ့ NLD ပါတီ၊ ချင်းပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကတော့ အစိုးရတစ်ခုရဲ့ လက်အောက်မှာရှိတဲ့ တရားဝင် တပ်မတော်ကို ချီးကျူးတာဟာ ဖြစ်သင့်တဲ့ကိစ္စလို့ ပြောပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ပြည်သူတွေအတွက် ရိက္ခာဆန်တွေကို ဧပြီလ ၁၉ ရက်နေ့မှာ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်းနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ အသက်စွန့် ကြိုးပမ်းဆောင်ရွက်နေတဲ့ တပ်မတော်သား အားလုံးကို ချီးကျူးဂုဏ်ပြု ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ဧပြီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာ ဘက်တစ်ဖက်ကနေ ရပ်တည်ပြီး ချီးကျူးထောက်ခံလိုက်တာက အန္တရာယ်များတယ်လို့ ဝေဖန်ပါတယ်။

"ဒီစာက သမိုင်းဝင်စာပဲ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ထားတဲ့ နိုဗယ်ဆုရတဲ့ အမျိုးသမီးတစ်ယောက်က ပြည်တွင်းစစ်မှာ ဘက်တစ်ဖက်က တိုက်ခိုက်နေတဲ့သူတွေကို တရားဝင်အားပေးချီးကျူးတယ်ဆိုတာ ဒါက အန္တရာယ်ကြီးတယ်။ တကယ်တမ်းက ဘာမှအားပေးစရာမလိုဘူး။ တိုက်တိုက်ပေါ့။ စစ်ပွဲဆိုတာ တိုက်မှာပဲ။ လက်နက်ကိုင်ထားတဲ့သူက တိုက်ကြမှာပဲ။ အဲတော့ ဘယ်သူမှားလဲ မှန်လဲဆိုတာက သမိုင်းက ဆုံးဖြတ်ပေး လိမ့်မယ်။ ဒါပေမဲ့ ဒီမှာက အပြစ်မဲ့တဲ့ ကလေးတွေ အမျိုးသမီးတွေ သေသွားပြီ။ စာတစ်စောင် ကျန်ခဲ့ပြီ။ အဲစာက သမိုင်းဝင်ပဲ ကျတော် ဒီလောက်ပဲ ပြောချင်တယ်"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသခံ အရပ်သားတွေ တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA နှစ်ဖွဲ့လုံးအနေနဲ့ တာဝန်ယူမူမရှိဘဲ အပြန်အလှန် စွပ်စွဲနေတာက အလွန်စိတ်ပျက်ဖို့ ကောင်း တယ်လို့လည်း ဦးဦးလှစောက ပြောပါတယ်။

AA အဖွဲ့ရဲ့ ဖမ်းဆီးမှုကို သုံးလကျော်ကြာခံခဲ့ရတဲ့ NLD ပါတီ၊ ချင်းပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းက အစိုးရတစ်ခုရဲ့ လက်အောက်မှာရှိတဲ့ တရားဝင် တပ်မတော်ကို အားပေးချီးကျုးတာက ချီးကျုးသင့်လို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

“တပ်မတော်ဆိုတာကလည်း နိုင်ငံတော် ကာကွယ်ရေးကို တာဝန်ယူထားတဲ့ တရားဝင် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ ချီးကျူးတာဖြစ်ပါတယ်။ ဟိုဘက် တစ်ဖက်ကလည်း ရက္ခိုင့် တပ်တော်ကလည်း နိုင်ငံတဝှမ်းလုံးမှာ အကျုံးမဝင်ဘူးလေ။ ဒါက ရခိုင်ပြည်သူလူထုတွေက ပေါက်ဖွားလာတဲ့ ရက္ခိုင့်တပ်တော်ဖြစ်တဲ့အတွက် ဒါက တစ်ပိုင်းပေါ့ဗျာ။ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ကတော့ မြန်မာ့တပ် မတော်ကို အစိုးရ တစ်ရပ်ရဲ့ လက်အောက်မှာ ရှိတဲ့အခါကျရင် ဒီလိုမျိုး ချီးကျူးတာတော့ ချီးကျူးထိုက်တဲ့ အရာပဲ။ ကျတော်တို့ကလည်း ပြည်သူလူထုကလည်း တပ်မတော်ကို အားကိုးတာပဲလေ”

ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေ ကြောက်လန့်နေတယ်လို့ သူက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ကာလမှာ တိုက်ပွဲတွေမဖြစ်အောင် နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ ထိန်းသိမ်းဖို့ ပြောဆိုသင့်တယ်လို့ ပြောပါတယ်။

"တပ်ဖက်ကိုလည်းပဲ သူက ချီးကျူးဂုဏ်ပြုလိုတယ်ဆိုရင်လည်းပဲ သီးခြားပေါ့၊ လုပ်သင့်တယ်လို့တော့ ယူဆတယ်။ ဒါပေမဲ့ ဒီအချိန် ဒီရောဂါဖြစ်နေတဲ့ ကာလတစ်လျှောက်မှာ ဖြစ်နိုင်ရင်တော့ တိုက်ပွဲတွေမဖြစ်ပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ရင် ပိုပြီးသင့်တော်တယ်လို့တော့ မြင်တယ်။ အဲလိုမျိုးဖြစ်ရင် တစ်ဖက်ကလည်း အဖျက်အမှောင့်လုပ်ငန်း မလုပ်ဖို့ သူပြောဖို့လိုသလို တစ်ဖက်ကလည်း တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းဖို့လိုမယ်လို့ ကျတော်တို့ ယူဆပါတယ်"

ဧပြီလ ၂၁ ရက် နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် အစိုးရက ပံ့ပိုးထောက်ပံ့ ကူညီပေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်ကတော့၊ လက်နက်ကိုင်တိုက်တဲ့နည်းလမ်းထက် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို နှစ်ဖက်လုံးက ရှာဖွေဖို့ တိုက်တွန်းပါတယ်။

"လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းက နိုင်ငံရေး အဖြေရဖို့ ပိုအလှမ်းဝေးမလားလို့ အောက်မေ့တယ်။ ဒါက တော့ အကြောင်းအရင်းပေါ့လေ။ ဆိုတော့ အဲဒီအကြောင်းအရင်းပေါ် မူတည်ပြီးတော့ တစ်ဖက်ကလည်း ဒါကို ပြတ်ပြတ်သားသားဆောင်ရွက်မယ် ဆိုပြီးတော့ ဒါကို ထုတ်ပြန်တဲ့ အနေအထားမျိုးလို့ အောက်မေ့တယ်။ အဲဒီမှာ ကျတော်တို့ မြင်တာကတော့ အကောင်းဆုံးကတော့ နှစ်ဦးနှစ်ဖက်က တတိယ နည်းလမ်းနဲ့ အဖြေ ဘယ်လိုရှာမလဲဆိုတာကိုတော့ ကြိုးပမ်းသင့်တယ်ပေါ့နော်"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လွှမ်းမိုးမှုရှိတဲ့ တရုတ်နိုင်ငံကတော့ ရခိုင်မှာလည်း ကိုယ်ကျိုးစီးပွား တွေရှိနေလို့ ကြားဝင်းစေ့စပ်ပေးနိုင်တဲ့ အဖွဲ့အစည်းကောင်းမဖြစ်နိုင်ဘဲ နှစ်ဖက်လုံး ယုံကြည်လက်ခံနိုင်တဲ့ ဥရောပ နိုင်ငံတချို့က ကြားဝင်ညှိုနှိုင်းပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဆလိုင်းအိုက်ဇက်ခင်ဟာ ချင်းပြည်နယ် အစိုးရအဖွဲ့က နုတ်ထွက်ထားပေမယ့် လက်ရှိမှာ NLD ပါတီ ဝင်တစ်ဦးဖြစ်နေဆဲပါပဲ။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေပိုပြင်းထန်လာဖို့ရှိပြီး ပလက်ဝတစ်မြို့ထဲမှာတင် စစ်ဘေးဒုက္ခသည် လေးထောင်ကျော် မြို့ပေါ်မှာရှိနေတယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။