မုံရွာမှာ CDM ကျောင်းဆရာနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.11.01
မုံရွာမှာ CDM ကျောင်းဆရာနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Citizen Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်း (တောင်) ရွာကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ တောပုရွာ ပျူစောထီးပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စီးနင်းပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ကျောင်းဆရာနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာ မုံရွာ-မန္တလေး ကားလမ်းပိုင်းကို လုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ တောပုရွာက ပျူစောထီးအဖွဲ့ကို ကာကွယ်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အနီးမှာရှိတဲ့ ပုရစ်ကုန်း (တောင်) ရွာကို အင်အား သုံးဆယ်ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ရွာကို စီးနင်းပြီးနောက် ရွာသားတွေဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် CDM ကျောင်းဆရာ ကိုကျော်ဇေယျနဲ့ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဝင်းတို့ကို ဖမ်းဆီးနှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မိုင်းဆွဲခံရလို့ သူတို့ဘက်က တော်တော်ထိသွားတော့ ပုရစ်ကုန်း (တောင်) ရွာထဲကို ဝင်မွှေတော့တာပဲ။ ကိုနိုင်ဝင်းက တောစပ်ဘက်ကို ထွက်ပြီးသားကို ဟိုက သူ့မိသားစုကို ဖမ်းထားပြီး လာရင်လာ၊ မလာရင် မိသားစုကို သတ်မှာဆိုတော့ သွားလိုက်ရတာ။ CDM ကျောင်းဆရာက သူ့အိမ်ဝင်ပြီး ဖမ်းသွားတယ်။ ပုရစ်ကုန်း (တောင်) ရွာရဲ့ အနောက်ဘက် သူတို့ကင်းချတဲ့နေရာမှာ ရိုက်နှက်မေးမြန်းပေါ့။ ညနေပိုင်းတော့ တောပုရွာဘက် ပြန်မဲ့အချိန် လမ်းဘေးမှာ ပုရစ်ကုန်း (တောင်) ရွာရဲ့ သုသာန်ရှိတယ်လေ။ နှစ်ယောက်စလုံးကို အဲဒီမှာ ပစ်သတ်သွားတယ်။ နဖူးမှာ သေနတ်ကျည်ဒဏ်ရာတွေနဲ့ တွေ့ရတာပေါ့"

စစ်ကောင်စီတပ်နဲ့ တောပုရွာ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ပုရစ်ကုန်း (တောင်) ရွာက ကားလမ်းမဘေးမှာရှိတဲ့ နေအိမ် သုံးအိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သူက ပြောပါတယ်။

အခုလို ဝင်ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပုရစ်ကုန်း (တောင်)၊ မုံရွေးနဲ့ ကြေးမုံရွာတွေက ဒေသခံအများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံသူ နှစ်ထောင်နီးပါး (၁၉၄၃ ဦး) ရှိပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက တစ်ထောင်နီးပါး (၉၉၈ ဦး) နဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။