သိမ်ဇရပ်မှာ အသက်မပြည့်သေးသူ နှစ်ဦး PDF သံသယနဲ့ ဖမ်းဆီးခံရ

RFA Burmese
2024.11.13
သိမ်ဇရပ်မှာ အသက်မပြည့်သေးသူ နှစ်ဦး PDF သံသယနဲ့ ဖမ်းဆီးခံရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ဖမ်းဆီးခံထားရသူ ကလေးနှစ်ဦးအား ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။
Telegram/ Saw Ba Maung

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးရွာမှာနေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ခန့်ဇင်ကိုနဲ့ ၁၆ နှစ်အရွယ် မောင်ထက်အာကာဖြိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့က သိမ်ဇရပ်မြို့ကနေ ရွှေကျင်မြို့နယ်ဘက်ကိုသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သိမ်ဇရပ်ကနေပြီး ရွှေကျင်ဘက်ကို ထွက်တဲ့လမ်းရှိတယ်။ ရဲတွေရော၊ စစ်တပ်ကရော အဲဒီရွာတွေဘက်မှာပါ ပတ်ပြီးတော့ ရှာနေတာ ၁၀ ရက်နေ့လောက်မှာ ကလေး နှစ်ယောက်ကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်ကိုဖမ်းသွားလဲဆိုတာတော့ မသိရဘူး"

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက PDF သင်တန်း အပတ်စဉ် (၁) ဆင်းထားသူ လူငယ်နှစ်ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရေးသားဖော်ပြကြပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုအေးမင်းထွန်းကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို သင်တန်းပေးတာမျိုးတွေ မရှိဘူးလို့ ပြောပါတယ်။

"ဒီကလေးတွေက ကျွန်တော်တို့ဆီမှာ ရှိခဲ့ဖူးတဲ့ ကလေးတွေလည်း မဟုတ်ဘူး။ သူတို့ ပြောသလို သင်တန်းအပတ်စဥ် (၁) ဆိုတာက ၂၀၂၁ ထဲမှာဖွင့်တာပေ့ါနော်။ အခုဆိုရင် ကလေးတွေက ၁၅၊ ၁၆ ဆိုတော့ တကယ်တမ်း သင်တန်းဖွင့်ချိန် ၂၀၂၁ ဆိုရင် ကလေးတွေအသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲ ရှိဦးမယ်။ ကျွန်တော်တို့ PDF ကို ရောက်လာမယ်ဆိုရင် အသက်မပြည့်ရင် လက်မခံဘူး။ အသက် ၁၈ နှစ်ပြည့်မှ လက်ခံတာ"

သိပ်ဇရပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာတွေကို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ မကြာခဏ ဖမ်းဆီးလေ့ရှိပြီး ငွေကြေးနဲ့ ပြန်ရွေးယူရတာရှိသလို ငွေမပေးနိုင်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတာမျိုးတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ၊ စုစုပေါင်း နှစ်သောင်းကျော် (၂၁၁၀၇ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။