မီဇိုရမ်မှာ ချင်းလူမျိုးလေးဦး ဖမ်းမိကြောင်း အာသံရိုင်ဖယ်တပ် ထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှီဟာခရိုင် ယောင်လင့်ရွာအနီးမှာ ဇူလိုင်လ ၁၃ ရက်နေ့က ချင်းတော်လှန်ရေး ရဲဘော်သုံးဦးနဲ့ ချင်းဒေသခံတစ်ဦး စုစုပေါင်းလေးဦးကို အာသံရိုင်ဖယ် (Assam Rifles) တပ်နဲ့ တွီပြောင်ရဲတပ်ဖွဲ့ (Tuipang Police) ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က ဇူလိုင် ၁၃ ရက်နေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသား ချင်းလူမျိုးလေးဦးကို မြန်မာငွေသိန်းနှစ်ရာကျော်၊ စကားပြောစက်၊ ဆိုင်ကယ်သုံးစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အသံရိုင်ဖယ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီဇိုရမ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ မီဇိုရမ်နယူးစ်သတင်းစာကလည်း အဖမ်းခံရသူ တွေထဲမှာ မတူပီ CDF အဖွဲ့ဝင်တွေပါတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ CDF) အဖွဲ့ဝင်တွေ ပါ၊ မပါ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ CDF ) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အာသံရိုင်ဖယ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းမိသူတွေဟာ လက်နက်ဝယ်ဖို့ လာရောက် တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

လက်ရှိ သူတို့လေးဦးကို တွီပြောင်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။