မော်ကျွန်းမှာ ပန်းသပိတ်စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၈၀ နီးပါးပြန်လွတ်လာ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ ဇွန်လ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လုပ်တယ် ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား ၈၀ နီးပါး ပြန်လွတ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့ လမ်းမကြီးပေါ်က နေအိမ်တွေနဲ့ မြို့မဈေးထဲမှာ ဈေးရောင်းနေသူ အရပ်သား ၈၀ နီးပါး ဇွန်လ ၁၉ ရက်မနက်မှာ ဖမ်းဆီးခံရပြီး ညဘက်မှာ ခံဝန်နဲ့ ပြန်လွတ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လမ်းမတန်းက အိမ်တွေမှာနေတဲ့သူတွေနဲ့ ဈေးထဲကသူတွေကို ဖမ်းသွားတာ။ ပန်းသပိတ်လုပ်တယ်ဆိုပြီး ဘုရားပန်းမှာ ပန်းထိုးထားတာတောင်မရဘူး။ အကုန်ဖမ်းသွားတာ ညကျတော့ ခံဝန်နဲ့ ပြန်လွှတ်ပေး လိုက်တယ်”

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၅၀ ဦးနဲ့ အမျိုးသား ၃၀ နီးပါး ပါဝင်ပြီး အမျိုးသားတွေ ကိုတော့ သူတို့ရဲ့ လူမှုကွန်ရက်မှာ ပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ရေးသားမျှဝေခဲ့ တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင်ကျွန်းမြို့ အမှတ် ၉၊ ၁၀၊ ၁၁ ရပ်ကွက်တွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်တွေထဲအထိ ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြား တာမရှိပါဘူး။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို နိုင်ငံတစ်ဝန်းပြည်သူတွေ ပန်းသပိတ် လူထုလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလှုပ်ရှားမှုတွေကြောင့် ဧရာဝတီ၊ ရန်ကုန်နဲ့ စစ်ကိုင်းက အရပ်သား ၁၃၀ နီးပါးကို ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာသိမ်းပြီးချိန်ကစလို့ အရပ်သား ၁၉,၀၃၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။