ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ
2025.01.09

ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်း The Pattaya က ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။
ဆာရာဘူရီခရိုင် အမြန်လမ်းမတစ်ခုမှာ သတင်းအရ ပစ်ကပ်ထရပ်ကားတစ်စီးကို ဇန်နဝါရီလ ၇ ရက်နေ့က ကြားဖြတ်စစ်ဆေးရာက အခုလိုဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကလည်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တာကို ဝန်ခံခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ဖစ်ချဘွန်ခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၆ ဦး အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod က ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်မပို့ဖို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တောင်းဆိုထားပါတယ်။