ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.11.19
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဥ်။
Immigration Bureau 3

ထိုင်းနိုင်ငံ၊ နခွန်းစဝမ်ခရိုင်၊ အမြန်လမ်း အမှတ် (၂၅၅) မှာ မောင်းနှင်လာတဲ့ ကားနှစ်စီးပေါ်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့က တားဆီးတာကို မရပ်ဘဲ မောင်းပြေးတဲ့ ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးခဲ့ရာမှာ ကားပေါ်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းယာဉ်မောင်းတစ်ဦးနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချက်တွေအရ နောက်ထပ်ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဆက်လက်စောင့်ဆိုင်းဖမ်းဆီးရာမှာ ကားပေါ်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့အတူ ထိုင်းယာဉ်မောင်းတစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တာ့ခ်ခရိုင်၊ မဲဆောက်ကနေ ထိုင်းနိုင်ငံ အလယ်ပိုင်းခရိုင်တွေကို ပို့ဆောင်ပေးဖို့အတွက် ခေါ်ဆောင်လာတာဖြစ်ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်အတွင်းမှာလည်း ထိုင်းနိုင်ငံထဲကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ မြန်မာ ၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာမှု များပြားနေသလို ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါ။

နို၀င်ဘာလ ၉ ရက်နေ့ကနေ နို၀င်ဘာလ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ တာ့ခ်ခရိုင်၊ ဖန်ငခရိုင်တို့မှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ခုနစ်ဆယ်အပါအ၀င် မြန်မာ စုစုပေါင်း ၁၉၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။