ဒေါ်လီလီနိုင်ကျော် အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦး အသတ်ခံရ

မဘသအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူ အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကို စစ်ကောင်စီက ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းမှာ ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သူတို့နှစ်ဦးကို သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးဖို့ကြိုးစားလို့ ဒဂုံမြို့သစ်မြောက်ပိုင်း မောင်းမကန်လမ်းအနီးမှာ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကလည်း ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ ထန်းတပင်မြို့နယ် ရိုးကြီးရွာက နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒေါ်လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်က သူ့ရဲ့ နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူနေစဉ် ဇွန်လ ၆ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ Special Task Force (STF) အဖွဲ့ဝင် ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ဟာ ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။