ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီ ဖမ်းဆီးခံထားရ

RFA Burmese
2023.06.05
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီ ဖမ်းဆီးခံထားရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က ဖမ်းဆီးခံရသည့် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန့်ဂျီ။
ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၄၀ ခန့်အရွယ် ဦးဗန့်ဂျီဟာ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ်ထဲက PDF အဖွဲ့တာဝန်ခံကတော့ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ မုံရွာဘက်ကနေ ဆားလင်းကြီးဘက်အခြမ်းက တရုတ်ကြေးနီစီမံကိန်းထဲ ရိက္ခာလာပို့ပြီး  ပြန်ထွက်ချိန် အောင်ချမ်းစီနဲ့ ညောင်ပင်ကြီးရွာကြားမှာ ဦးဗန့်ဂျီကို ဖမ်းသွားတာလို့ RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ဝမ်ပေါင်ထဲ ရိက္ခာလာပို့တဲ့ စစ်ကြောင်းကပြန်ထွက်လာတာမှာ တည့်တည့်တိုးပြီးဖမ်းခံရတာ။ သူ့ကိုဖမ်းပြီး ညောင်ပင်ကြီးရဲစခန်းမှာ ဖမ်းထားတယ်။ စစ်ကြောင်းနဲ့ခေါ်မသွားဘူး။ နောက်တစ်ရက်မှာ စစ်ကြောင်းနဲ့လာခေါ်ပြီး အခု မုံရွာစစ်ကြောရေးမှာလို့ သိထားပါတယ်”

ဖမ်းဆီးခံရပြီးကတည်းက အခုချိန်အထိ အဆက်အသွယ်မရသေးဘူးလို့လည်း သူက ပြောပါတယ်။

ဦးဗန့်ဂျီဟာ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လျှပ်စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရချိန် ရိုက်နှိက်ခံရတာတွေပါ ရှိခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဦးဗန့်ဂျီ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲက PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဇွန်လ ၅ ရက် ဒီကနေ့အထိ ဒေသခံတစ်သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။