မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ နေရပ်ပြန်ဖို့ အကူအညီလိုနေ
2024.10.21
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်ထဲမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅၆ ဦး နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးက ထုတ်ပေးမဲ့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရသေးလို့ ပြန်ခွင့်မရသေးဘူးလို့ မိသားစုတွေဝင်က RFA ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
သူတို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက မဏိပူပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ရှစ်ဦး၊ စုစုပေါင်း ၅၆ ဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက်တွေ အပါအဝင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမှ ပြန်လို့ရမယ်လို့ မဏိပူရ် ထောင်အာဏာပိုင်တွေက ပြောထားတယ်လို့ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစု၀င်တွေက ပြောပါတယ်။
ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံပြီးသားဖြစ်တာကြောင့် အကျဉ်းကျခံနေရသူတွေကို မြန်မာသံရုံးအနေနဲ့ အမြန်ဆုံးကူညီပေးဖို့အတွက် တောင်းဆိုချင်တယ်လို့ အင်ဖာအကျဉ်းထောင်မှာ ထိန်းသိမ်းခံရတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့က လေးနှစ်လောက်ရှိတော့မယ်၊ ဒီထောင်မှာ မနေချင်တော့ဘူး။ မြန်မာဘက်ကို အမြန်ဆုံး ဒီနှစ်မကုန်ခင် ပြန်နိုင်ဖို့အတွက် ကူညီပေးစေချင်တယ်။ မြန်မာသံရုံးနဲ့ မြန်မာဘက်က အာဏာပိုင်တွေက ကူညီပေးရင် ကျွန်မတို့က ပြန်နိုင်မှာ ဖြစ်ပါတယ်။ အခုက ကလေးနို့စို့အရွယ်တွေလည်း ရှိတယ်။ အိပ်ရင်လည်း တမန်သလင်းပေါ်မှာပဲ အိမ်နေရတာ အစားအသောက်အပြင် သောက်ရေလည်း အဆင်မပြေဘူးရှင့်။ ကျွန်မတို့ ပြန်ချင်ပြီရှင့်"
ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီထံကို ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း မြန်မာ ၃၈ ဦးကို အိန္ဒိယဘက်က ပြန်လွှဲပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။